ရေဘေးသင့် ဒေသများရှိ လူဦးရေ ၈၂,၀၀၀ ကို WFP စားနပ်ရိက္ခာများ ထောက်ပ့ံပြီး

ရေဘေးသင့် ဒေသများရှိ လူဦးရေ ၈၂,၀၀၀ ကို WFP စားနပ်ရိက္ခာများ ထောက်ပ့ံပြီး
by -
မဇ္ဈိမ
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သည် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ဒေသများမှ လူဦးရေ ၈၂,၀၀၀ ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးပြီး ဖြစ်သည်ဟု သြဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

WFP က မြန်မာနိုင်ငံတွင်းရှိ ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့်ဒေသများရှိ လူဦးရေ ၂၀၀,၀၀၀ အတွက် စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန်လည်း လုပ်ဆောင်လျှက်ရှိပြီး ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ လူထုအတွက် အရေးပေါ်အကူအညီများ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

WFP အနေဖြင့် သြဂုတ် ၂ ရက်မှ စတင်ပြီး အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသခံ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး စားနပ်ရိက္ခာများကို ကုန်းလမ်းဖြင့် ပို့ဆောင်ရန် ခက်ခဲသည့် ဒေသများသို့ နိုင်ငံတော်အစိုးရ၊ ကမ္ဘောဇလေကြောင်းလိုင်း၊ ရွှေမြန်မာလေကြောင်း လိုင်းနှင့် မြန်မာအမျိုးသားလေကြောင်းလိုင်းတို့က အခမဲ့ကူညီပို့ဆောင်ပေးခြင်းဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးခဲ့မှုများကြောင့် တစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုရှိ လူဦးရေ ၂၅၀,၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ပြီး စားနပ်ရိက္ခာ အထောက်အပံ့လိုအပ်သူပေါင်း ၂၀၈,၀၀၀ ဦးရေ ရှိမည်ဟုလည်း WFP က ခန့်မှန်းထားသည်။ အဆိုပါ ခန့်မှန်းချက်မှာ လက်ရှိ ခန့်မှန်းချက်ဖြစ်ပြီး သတင်းအချက် အလက်များ ထပ်မံရရှိလာပါက ထိခိုက်မှုနှင့် လိုအပ်ချက်ရှိသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကုလသမဂ္ဂ္ဂ ကမ္ဘာ့စာားနပ်ရိက္ခာအစီအစဉ်၏ မြန်မာုနို်င်ငံဆိုင်ရာ ဋ္ဌာနေကိုယ်စားလှယ် Dom Scalpelli က “နေရာဒေသအတော်များများနဲ့ အဆက်အသွယ်ပြတ်တောက်လျက်ရှိတဲ့အတွက် မြန်မာနိုင်ငံ လူထုအပေါ် ဒီရေကြီး ရေလျှံမှုက ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ ရှင်းရှင်း လင်းလင်းသိရဖို့ ကြိုးစားနေပါတယ်”ဟု ဆိုသည်။

၎င်းက ဆက်လက်ပြီး “ဒီသဘာဝဘေးအန္တရာယ်ကြောင့် လက်ရှိစားနပ်ရိက္ခာမဖူလုံမှုနဲ့ အဟာရချို့တဲ့ မှုတို့ ပိုမဆိုးရွားစေဖို့ အရေးပေါ်ထောက်ပံ့မှုတွေကို လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်လျက် ရှိပါတယ်”ဟုလည်း ဆိုသည်။

ရေကြီး ရေလျှံမှုဒဏ်ခံရသည့် ပြည်သူများအတွက် ကုလသမဂ္ဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က တလစာ ဆန်၊ ပဲ၊ စားသုံးဆီ၊ ဆားနှင့် အချိ ့နေရာများတွင် တပတ်စာ အဟာရဖြည့်ဘီစကစ်များကို ပံ့ပိုးပေးလျှက်ရှိသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေဖြင့် ရေကြီး ရေလျှံမှုဆိုင်ရာ အရေးပေါ် တုံ့ပြန် ဆောင်ရွက်နိုင်ရန် လိုအပ်သော ရံပုံငွေများ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမပါဝင်ဘဲ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် လစဉ် ရံပုံငွေ အမေရိကန်ဒေါ်လာ (၃) သန်း လိုအပ်လျက်ရှိသည်။

အကူအညီိလိုအပ်သူအရေအတွက် များပြားလာသည်နှင့်အမျှ ရံပုံငွေလိုအပ်ချက်မှာလည်း မြင့်တက်လာနိုင်သည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါ၀င်သည်။

ရေကြီးရေလျှံမှု မဖြစ်ပွားမီက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံးစီမံချက်မှာ ရခိုင်ပြည်နယ်တွင်းရှိ ဒေသတွင်းရွှေ့ပြောင်းနေထိုင်သူများအား စားနပ် ရိက္ခာထောက်ပံ့ခြင်းလုပ်ငန်းဖြစ်ပြီး၊ လက်ရှိ အချိန်တွင် ရေကြီး ရေလျှံမှုများကြောင့် တိကျသော စားနပ်ရိက္ခာ လိုအပ်ချက် ဆန်းစစ်မှုရရှိရန် နှောင့်နှေးနေသည်ဟုလည်း ဆိုထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...