ချင်းပြည်နယ် ဟားခါးတွင် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ချင်းပြည်နယ် ဟားခါးတွင် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
by -
မဇ္ဈိမ
ချင်းပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည်များ အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု ဟားခါးမြို့ပေါ်ရှိ ရုင်းတောင် ကယ်ဆယ်ရေး ကော်မတီမှ ကိုပါးကပ်က ပြောသည်။

ကိုပါးကပ်က  “ဟားခါးက အခုရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွေမှာက အစိုးရကလည်း မနိုင်မနင်း ဖြစ်နေတယ်။ တစ်မြို့လုံးလို စားနပ်ရိက္ခာပြတ်တော့ ဒုက္ခရောက်နေပါတယ်။ အစိုးရပေးတဲ့ ဆန်တောင်မှ အကုန်လုံးမရသေးဘူး နေထိုင်ဖို့လည်း အဆင်မပြေဘူး။ အခုတော့ စားနပ်ရိက္ခာ အဓိက လိုနေတယ်။ ကယ်ဆယ်ရေးစခန်းတွေ လုပ်ပေးဖို့။ စားနပ်ရိက္ခာ။ ဆန်က လုံးဝ မရှိတော့ဘူး”ဟု မဇ္စျိမကို ပြောသည်။

ဟားခါးမြို့ပေါ် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ အပါအဝင် ရေဘေး ဒုက္ခသည်စခန်း ၁၂ ခုရှိရှိရာမှ အစိုးရဘက်မှ ဆန်ထောက်ပံ့မှုမှာ လုံလောက်မှုမရှိသေး သကဲ့သို့ စခန်း ၁၂ ခုတွင်  စခန်း ၆ ခုမှ ရေဘေးဒုက္ခသည်များသာ ရရှိသေးသည်ဟု ၎င်းက ပြောသည်။

ဟားခါးမြို့အတွင်း မြေပြိုမှုကြောင့် နေအိမ်အလုံး အနည်းဆုံး ၈၂ လုံးကျော်  ပြိုပြီးဖြစ်သလို၊ လက်ရှိ ရေဘေးဒုက္ခသည် ၁၀,၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဟားခါးမြို့ခံ ရေဘေး ဒုက္ခသည်ပေါင်း ၃,၇၀၀ ခန့်ကို ဟားခါးမြို့ပေါ်ရှိ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး  သြဂုတ်လ ၂ ရက်က အစိုးရ တပ်မတော်၏ ထောက်ပံ့ပို့ ဆောင်ရေးတပ်က ဆန်အိတ် ၅၀၀၊ ဆီ၊ ပဲ၊ ဆားတို့ကို ထောက်ပံ့ရန် ပေးနေပြီဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က မဇ္စျိမကို ပြောသည်။

၎င်းက “ပထမဆုံးလိုတာကတော့ စားဝတ်နေရေးကို ကျွန်တော် တို့ အစိုးရကနေပြီးတော့ ကြိုးစားထောက်ပံ့ဖို့ စီစဉ်ပေးထားတယ်။ ရိက္ခာက မပြတ်သေးဘူး။ လောလောဆယ်။ ပြင်ပမှာက စျေးတွေ တက်ကုန်တယ်၊ ကားလမ်း မပေါက်ခင်မှာ လောလောဆယ် ရဟတ်ယာဉ်နဲ့ ပို့ပေးပို့တော့ ရှိတယ်”ဟု  မဇ္စျိမကို ပြောသည်။

လက်ရှိ ဟားခါးမြို့သို့ ကုန်းလမ်း ကားလမ်းများ ပြတ်တောက်နေသဖြင့် ဆန်အိတ် တစ်အိတ်လျှင် ပုံမှန်အားဖြင့် ၄၀,၀၀၀ ကျပ်ဝန်းကျင်သာ ရှိရာမှ အချို့ကုန်သည်များက ရ၀,၀၀၀ မှ ၈၀,၀၀၀ အထိရောင်းနေမှုများ ရှိနေသည်ဟုလည်း ၎င်းက ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းပြည်နယ် ဟားခါးမြို့ကို ဆက်သွယ်မည့် ကားလမ်းများ ပြတ်တောက်နေသဖြင့် ဟားခါးမြို့သို့ ဂန့်ဂေါဘက်မှ ပေါက်ရန်နှင့် ကလေးကားလမ်းဘက်မှ ပြန်လည် သွားလာနိုင်ရန်အတွက် အစိုးရ လမ်းတံတားဦးစီးဌာနက နေ့ရောညပါ ပြန်လည် ပြုပြင်နေသဖြင့် လာမည့် လေး၊ ငါး ရက်အတွင်း ကားလမ်းများ ပြန်လည် သွားလာနိုင်မည်ဟု ခန့်မှန်းထားသည်ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူကျောင်းသားများမှာလည်း ပိတ်မိနေသည်ဟု သိရသော်လည်း ယင်းကိစ္စကို သြဂုတ် ၂ ရက်က ဒုတိယ သမ္မတနှင့် ချင်းပြည်နယ် အစိုးရ ဝန်ကြီးချုပ်၊ ပညာရေးမှူးနှင့်တွေ့ဆုံ၍ ကယ်ဆယ်ရေးလုပ်ငန်းများ စီစဉ်ပေးပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဇူလိုင်  ၂၄ ရက်က မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုကာ လူနေအိမ်အများအပြား ပျက်ဆီးခဲ့ သလို၊ ကားလမ်း များလည်း ဖျက်ဆီးခဲ့သဖြင့်  ဟားခါး – ဖလမ်း၊ ဟားခါး – ထန်တလန်နှင့် ဟားခါး – ဂန့်ဂေါ ကားလမ်းများတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဟားခါးမြို့သို့ ကားလမ်း အဆက်အသွယ်များ ပြတ်တောက်ခဲ့သဖြင့် ပြန်လည် ပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

နိုင်ငံတွင်း ရေကြီး မြေပြိုမှုများကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...