SD အဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရာတွင် အပစ်ရပ်စာချုပ်အတွက် အစိုးရနှင့် သဘောမတူသေးသည့် အချက်များကို ဆွေးနွေးဆဲ

SD အဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရာတွင် အပစ်ရပ်စာချုပ်အတွက် အစိုးရနှင့် သဘောမတူသေးသည့် အချက်များကို ဆွေးနွေးဆဲ
by -
မဇ္ဈိမ
အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏  ပထမနေ့ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါ၀င်မည့် အစိုးရနှင့် သဘောတူညီချက် မရသေးသည့် အချက် သုံးချက်ကို ဆွေးနွေးနေရဆဲဟု SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ  ရန်ကုန်မြို့တွင်  SD အဖွဲ့နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်း ကော်မတီ (UPWC) တို့၏ ဆွးနွေးချက်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှ သဘောတူညီမှု မရသေးသော အချက် ၃ ချက်ကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂၇ ရက်က စတင်ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။

ပဒိုနော်စီဖိုးရာစိန်က “လုံခြံုရေးဆိုင်ရာ ကိစ္စရပ်များ အချက်တချက်၊ လွတ်တော်မှာ တင်သွင်းတဲ့ကိစ္စ တခုရယ်တွေ၊ အသိသက်သေတွေ ဖြစ်တယ်။ အခု ကျွန်မတို့ တင်ပြပြီး တဖွဲ့ချင်းဆီရဲ့ ဆွေးနွေးတင်ပြ တာဘဲ ရှိတယ်။ မနက်ဖြန်မှာ အားလုံးဆွေးနွေးပြီးတော့ သဘောတူညီမှု ရယူမှာ ဖြစ်တယ်”ဟု မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ ဆွေးနွေးချက်များကို တင်ပြ၍ သဘောတူညီမှု မရသေးသော အချက် ၃ ကို တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များ တင်ပြခဲ့ခြင်းဖြစ်သည်။

လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း၊ လွတ်တော်တင်သွင်း၍ အတည်ပြုချက် ရယူခြင်းနှင့် အသိသက်သေများ ပါဝင်လက် မှတ်ရေးထိုးရန် ဟူသော အချက် ၃ ချက်ကို ဆက်လက် ဆွေးနွေးရန် လိုအပ်နေသဖြင့် ဆွေးနွေးပွဲတွင် တစ်ဖွဲ့ချင်းစီမှ သဘောထားများ တင်ပြခဲ့ပြီး ဖြစ်၍ ဇူလိုင် ၂၈ ရက်တွင်  ဆက်လက်ညှိနှိုင်းကြမည် ဖြစ်သည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်ရေး မူကိုလည်း တစ်ဖွဲ့ချင်း၏ သဘောထားများ တင်ပြခဲ့ပြီး အားလုံး ပါဝင်ရေး၊ မပါဝင်ရေးကို ဆက်လက် ဆွေးနွေး၍ ထိပ်သီး ခေါင်းဆောင်များ၏ သဘောထား အဆုံးအဖြတ်ကိုလည်း တစုံတရာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အားလုံး ပါဝင်ရေး လက်မခံပါက နောက်ဆုံး ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) အပါအဝင် စုစုပေါင်း ၁၆ ဖွဲ့ လက်ခံနိုင်ရေး ဆက်လက် ညှိနှိုင်းမည်ဟု ရန်ကုန်ဆွေးနွေးပွဲတွင် အစိုးရဘက်ကလည်း ပြောဆိုမှုများ ရှိခဲ့သည်ဟု PSLF ဥက္ကဌ မိုင်အိုက်ဘုန်းက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ လောခီးလာညီလာခံ ဆုံးဖြတ်ချက်အတိုင်းတင်ပြတယ်။ အားလုံး စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီးတော့ ဒီအတိုင်းဘဲ ဆက်လက် ရပ်တည်ဖို့ ကျနော်တို့ အဖွဲ့ရဲ့ သဘောထားလည်း ဖြစ်တယ်။ ဒီနေ့မှာ အဖွဲ့တွေကိုလည်း ရပ်တည်ဖို့ မေတ္တာရပ်ခံဆွေးနွေးခဲ့တယ်”ဟု   မဇ္စျိမကို ပြောသည်။   

ရန်ကုန်ဆွေးနွေးချက်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အားလုံးပါဝင်ရေး မူကို စွဲကိုင်ထားသော်လည်း အစိုးရဘက်ကမူ လက်မခံဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် ၁၄ ဖွဲ့ကိုသာ လက်မှတ်ရေးထိုးရန် တင်ပြထားသည်။

UPWC နှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့သည် လာမည့် သြဂုတ်လ ပထမပတ်အတွင်း ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူညီထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...