ယမန်နေ့က ကော့စမွေခရိုင် တရားရုံးတွင် ထိုင်းဘက်မှ တရားလိုပြသက်သေဖြစ်သူ အမှုကိုင် အမှတ် (၈) ထိုင်းရဲမှူးကြီး တစ်ဦးကို စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၃ ရက်နံနက်ပိုင်းတွင် တရားခံဘက်မှ ရှေ့နေက ပြန်လှန် မေးခွန်းထုတ်ခဲ့ရာ ကွဲလွဲမှုများတွေ့ရှိရခြင်းဖြစ်သည်။
“ရဲမှူးကြီးကို စစ်တဲ့အခါမှာ သူက ဒီမှာစစ်တဲ့ အဖွဲ့ခေါင်းဆောင်၊ ဒါပေမဲ့ တရားရုံးတော်ထဲမှာ တင်ထားတဲ့ ရဲဌာနချုပ်က ထုတ်တဲ့ စာမှာ သူ့ကို တာဝန်ပေးထားတဲ့အကြောင်း မပါဝင်ဘူး။ အဲဒီထဲမှာ ရဲတွေ လူ ၅၀ လောက်ရှိတယ်။ ဒါပေမဲ့ အဲဒီ ရဲမှူးကြီး နာမည် မပါဘူး။ ကွဲလွဲချက်ရှိတယ်။
ဒါက သူနဲ့မဆိုင်ဘဲနဲ့ ဝင်စစ်တဲ့သဘောရှိတယ်။ နောက်တစ်ချက်က သူက အခင်းဖြစ်တဲ့ နေရာနဲ့ ဆက်စပ်တဲ့ နေရာ ၁၂ ခုက CCTV ၁၇လုံးကို တရားရုံးတော်မှာ ပြသစစ်ဆေးခံတယ်။ ဒါပေမဲ့ တရားခံဘက်က ဓာတ်ပုံကို ပြပြီးတော့ ဒီလူကို သိလားမေးတော့ သူမသိဘူးတဲ့။
CCTV ကို ဖွင့်ကြည့်လားလို့ မေးတော့ ဖွင့်မကြည့်ဘူးတဲ့။ အဲဒါလည်း ကွဲလွဲနေတာပဲ” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဆက်လက်ပြီး သူက “နောက်တချက်က ဟန်နာရဲ့ မျက်နှာပေါ်မှာ တင်ထားတဲ့ ပုဝါအစိမ်းနုရောင်ဟာ သူကိုယ်တိုင် အမှုစစ်တဲ့အခါ အဲဒီပုဝါကို သိမ်းလည်း မသိမ်းဘူး။ သူ ပြောတာကတော့ အမှုစစ်တဲ့ အခါမှာ အရေးမကြီးဘူးဆိုပြီး ဘယ်သူ့ဟာလဲ ဆိုတာမေးလည်း မမေးခဲ့ဘူး။ ဒါလည်း ကွဲလွဲတဲ့ အချက်ပဲ”ဟု ၎င်းက ပြောသည်။
ရဲမှူးကြီး ပြသသည့် CCTV တွင် အခင်းဖြစ်ပွားခဲ့သော ည ၁ နာရီနှင့် ၉ မိနစ်တွင် မြန်မာရွှေ့ပြောင်း လုပ်သားများ Seven Eleven ဆိုင်တွင် ဘီယာသွားယူနေချိန်၌ ဘောင်းဘီရှည်ဝတ်ပြီး ပြေးလွှားနေသည်ဆိုသော လူသတ်တရားခံဆိုသူသည် ဘောင်းဘီတို ဝတ်ဆင်ထားသဖြင့် ကွဲလွဲမှု ဖြစ်ပေါ်နေသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ထို့အပြင် ယနေ့တရားရုံးတွင် DNA စစ်ဆေးခဲ့သော ထိုင်းမှုခင်းဆရာဝန်မ တစ်ဦးကိုလည်း စစ်ဆေးမေးမြန်းရာ ပေါက်တူးကို DNA စစ်ဆေးရာလူသတ်တရားခံဟု စွပ်စွဲခံထားရသူများ၏ လက်ဗွေများ မတွေ့ရှိကြောင်းပေါ်ပေါက်သော်လည်း ပေါက်တူးကိုင်၍ပေါက် သတ်ခဲ့သော တရားခံ၏ လက်ဗွေများလည်း မတွေ့ရှိဟု ပြောဆိုသဖြင့် ကွဲလွဲမှုများ ရှိနေသည်ဟု ၎င်းက ထပ်မံပြောပြသည်။
“ဆရာဝန်မ စစ်တဲ့အခါမှာ သူက သူထုတ်ပေးတဲ့ စာရွက်စာတမ်းတွေဟာ မှန်ကန်ကြောင်းကို သူက လပ်လောင်လို့ ခေါ်တဲ့ (ထောက်ခံချက်) ပါမလာဘူး။ သူ့အနေနဲ့ ပေါက်တူး အသွားမှာ သေတဲ့ လူတွေရဲ့ ဒီအင်န်အေကို တွေ့ပြီးတော့ ပေါက်တူးရဲ့ လက်ကိုင်မှာ ဘာလက်ဗွေမှ မတွေ့ဘူးဆိုတာ ပြောပါတယ်။ ဒါလည်း တော်တော်လေး စဉ်းစားစရာ တစ်ချက်ပဲ” ဟုရှေ့နေကြီးက ဆိုသည်။
ယခု စစ်ဆေးမေးမြန်းရာ၌ တွေ့ရှိချက်များတွင် ဥပဒေအရ ပြောဆိုပါက တရားခံဟု စွပ်စွဲခံထားရသူ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးအား လွှတ်ပေးရမည့်အချက်များပါရှိလာသည်ဟု ၎င်းက ပြောသည်။
ဇူလိုင် ၂၄ ရက် တတိယနေ့တွင် တရားလိုပြ သက်သေ ၆၅ ဦးထဲမှ ၂ ဦးကို ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈၊ ၉၊ ၁၀ ရက်များတွင် တရားလိုပြ သက်သေ ၉ ဦးအား စစ်ဆေးမေးမြန်းခဲ့ရာ တွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း လုံလောက်သည့် သက်သေထွက်ဆိုချက် မပေးနိုင်သေးကြောင်း ၎င်းက ပြောဆိုထားသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် ဗြိတိန်သျှလူမျိုး ခရီးသည် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge )နှင့် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ (David Miller) တို့ သတ်ဖြတ်ခံ ခဲ့ရမှုဖြင့် မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး၍ လူသတ်မှု၊ အဓမ္မကျင့်မှုတို့ အပါအဝင် အမှုပေါင်း ရ မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။







