ယင်းသို့ လာရောက်ကုသရာတွင် ဇွန်လသည် တက်ရောက်ကုသသူ အများဆုံးဖြစ်ပြီး ၆၀၆ ဦးအထိ တက်ရောက်ကုသခဲ့သည်။
လာရောက်ကုသခြင်းနှင့် ပတ်သက်၍ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ မြတ်စိုးက “ကျွန်တော် တို့ဆေးရုံက ခုတင်(၅၅၀)ဆိုသည့် အတိုင်း အထက်မြန်မာပြည် ဗဟိုအဆင့် ဆေးရုံကြီးက ကလေးနဲ့ ပါတ်သက်လာရင်ပြည့်ပြည် စုံစုံကုသပေးနိုင်တဲ့ ဆေးရုံဖြစ်တယ်״ဟု ပြောသည်။
ယခုနှစ်အတွက် ရောဂါဖြစ်ပွားမှုနှုန်း တက်လာသော်လည်း သေဆုံးသည့် အရေအတွက်မှာ နည်းသည်ဟုလည်း ၎င်းက ဆိုလိုက်ပြီး ယခုနှစ် ခြောက်လအတွင်း သေဆုံးသူ ၉ ဦးရှိသည်ဟု စာရင်းများအရ သိရသည်။
မန္တလေးမြို့ကုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် ဆေးရုံတွင် တက်ရောက်ခဲ့ သည့်သွေးလွန် တုပ်ကွေးဖြစ်ပွားသည့် ကလေးငယ်များသည် ဇန်နဝါရီလတွင် ရ၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၇ ဦး၊ မတ်လတွင်၂၀ ဦး ၊ ဧပြီလ တွင် ရ၄ ဦး၊ မေလတွင် ၂၉၁ ဦးနှင့် ဇွန်လတွင် ၆၀၆ ဦး ဖြစ်ပြီး စုစုပေါင်း ၁,၀၉၇ ဦး ဖြစ်သည်ကို စာရင်းများအရ သိရသည်။
မြိုင်မြို့နယ်မှ လာရောက်ကုသသူ အသက်(၆)နှစ်အရွယ် ကလေးငယ်၏ ဖခင် ဦးသက်နိုင်က “ပခုက္ကူ ဆေးရုံပြည့်နေတာနဲ့ ဒီကိုရောက်လာတာပါ။ ဒီမှာလာပြလိုက်တော့ အနည်းဆုံးတော့ နယ်မြို့နဲ့ စာရင် စိတ်လုံခြုံမှုရှိသွားတာပေါ့״ဟု ပြောသည်။
ထို့အပြင် မိုးရာသီ၌ ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များသည့် အတွက် လက်ခံကုသနိုင်သည်ထက် ကျော် လွန်ပြီး ရောဂါဖြစ်ပွားသူများ ရောက်ရှိလာကြောင်းလည်း ဆေးရုံအုပ်ကြီးက ပြောသည်။
ထို့ကြောင့် မစိုးရိမ်ရသည့် ကလေးငယ်များကို ကုတင် ၃၀၀ ဆံ့ ဆေးရုံနှင့်မြို့သစ် သင်ကြားရေး ဆေးရုံတွင်ရှိသည့် ကလေးကုသဆောင်များတွင် ပြသရန် တောင်းဆိုမှုများပြုလုပ်ရကြောင်းလည်း ၎င်းက ဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်မှပေါက်ဖွားသည့် ခြင်အကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး မန္တလေးမြို့တွင် စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်များ အတွင်းသွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသည့် နေရာများအား သတင်းအချက်အလက်ရလျှင် ယင်းမြို့နယ်၊ ရပ်ကွက်အတွင်း ကိုက်ငါးရာအကွာတွင် ခြင်းဆေးမှုတ်စက်ဖြင့် တစ်အိမ်တက်ဆင်း ခြင်ဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ အပါတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်း မန္တလေးမြို့ တော်စည်ပင်သာရေးကော်မတီ၊ သန့်ရှင်းရေးဌာန၊ ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။







