မြန်မာရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုတွင် ထိုင်းဘက်မှ တရားလိုပြ သက်သေအဖြစ် အမှုကိုင် အမှတ် (၈) ထိုင်းရဲမှူးကြီးတစ်ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ရှေ့နေ ဦးအောင်မျိုးသန့်က “အမှုကိုင်ရဲမှူးကြီးကို စစ်တယ်။ ထိုင်းအစိုးရ ရှေ့နေဘက်က စစ်တယ်။ သူက မြေပုံတို့၊ CCTV တို့ ပြပြီး ကလေးတွေဟာ ဒီအမှုနဲ့ ပတ်သက်ပြီး ပါဝင်ကျူးလွန်တယ်လို့ ပေါ်အောင် စစ်သွားတယ်။ မြန်မာဥပဒေနဲ့ဆိုရင် ၂၅၊ ၂၆ ပေါ့။ သက်သေခံ ဥပဒေပုဒ်မ ၂၅၊ ၂၆ ဆိုတာ အမှုတခုကို ဆင်တဲ့အခါမှာ ဒီအမှုမှာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ပြသွားတဲ့ ပုံစံကိုပြောတာ” ဟု မဇ္စျိမကို ပြောသည်။
ထိုင်းရဲမှူးကြီး ထွက်ဆိုချက်ထဲတွင် ဗြိတိန်လူငယ်နှစ်ဦးသည် အခင်းဖြစ်ပွားသည့် ည ၂ နာရီခွဲမှ ၅ နာရီ အကြာသေဆုံးခဲ့သည်ဟု ထွက်ဆိုခဲ့သော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုည နံနက် ၁ နာရီမှ ၉ မိနစ်အတွင်း ဆိုင်ကယ်ဖြင့် ဘီယာသွားဝယ်နေသည်ကို တွေ့ရသဖြင့် အမှုနှင့် ဆက်နွယ်နေသည်ဟု ထွက်ဆိုခဲ့သည်ဟု ၎င်းက ပြောသည်။
ဦးအောင်မျိုးသန့်က “ဒီကလေးတွေဟာ အဲဒီညက ၁ နာရီနဲ့ ၉ မိနစ်ထိ ဆိုင်ကယ်နဲ့ seven eleven မှာ ဘီယာဝယ်တယ်ဆိုတာ စီစီတီဗီမှာ ပေါ်တယ်။ အဲဒီလိုပေါ်လာတဲ့ဟာကို ဒီလိုအချိန်ထိ ကလေးတွေဟာဒီမှာ ပါဝင်ပတ်သက်ဆိုတဲ့အချက်နဲ့ သူတို့က လိုက်တာ။ ဒါပေမဲ့ ဒီကလေးတွေ သတ်သလားဆိုတာကိုတော့ မပြောနိုင်ဘူး”ဟု ပြောသည်။
ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား ဖမ်းဆီးစဉ် ထိုင်းစစ်တပ်က သင့်တော်ရာ ဘာသာပြန်ကို ငှား၍ အမှုဆင်ခဲ့သဖြင့် ဇူလိုင် ၂၃ တွင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာ အလုပ်သမား နှစ်ဦး၏ ရှေ့နေများက စစ်ဆေးမေးမြန်းသွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ယနေ့ တရားရုံးသို့ ထိုင်းရှေ့နေများကောင်စီ၊ မြန်မာသံရုံးအဖွဲ့နှင့် စွပ်စွဲခံထားရသူ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ မိခင်များလည်း တက်ရောက်ခဲ့သလို၊ ဗြိတိန်လူငယ်များ၏ မိသားစုများလည်း တက်ရောက်ခဲ့သည်ဟု ၎င်းက ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး၏ ရှေ့နေများဘက်မှ DNA ပြန်လည် စစ်ဆေးရန် တင်ပြထားသဖြင့် စစ်ဆေးခွင့် ရလိမ့်မည်ဟု မျှော်လင့်ထားသည်ဟုလည်း ရှေ့နေ အောင်မျိုးသန့်က ပြောသည်။
ထိုင်းဘက်မှ တရားလိုပြသက်သေ ၆၅ ယောက်ထဲမှ ရ ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၈၊ ၉၊ ၁၀ ရက်များ တွင်လည်း စစ်ဆေးခဲ့ပြီး ယနေ့ စစ်ဆေးခဲ့သော ရဲမှူးကြီး အပါအဝင် တရားလိုပြ သက်သေ ၈ ဦး စစ်ဆေးခဲ့ပြီး ဖြစ်သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်သျှလူမျိုး ခရီးသည် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge )နှင့် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ(David Miller)တို့ သတ်ဖြတ်ခံခဲ့ ရမှုဖြင့် မြန်မာအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှုတို့ အပါအဝင် အမှုပေါင်း ရ မှုဖြင့် တရားစွဲဆိုထားသည်။







