လှေစီးဒုက္ခသည်များ ထွက်ပြေးမှု နှစ်ဆယ်ဦးအထိ ရှိလာ

လှေစီးဒုက္ခသည်များ ထွက်ပြေးမှု နှစ်ဆယ်ဦးအထိ ရှိလာ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်တွင် ယာယီထားရှိပြီး စစ်ဆေးနေသော လှေစီးဒုက္ခသည်များ ထွက်ပြေးလျှက်ရှိရာ ဇူလိုင် ၁၆ ရက်အထိ လူပေါင်းနှစ်ဆယ်ကျော်အထိ ထွက်ပြေးခဲ့သည်ဟု ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ် ဌာနချုပ်မှာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တောင်ပြိုလက်ဝဲမြို့နယ်တွင် ထားရှိသော လှေစီးဒုက္ခသည်များကို လွှဲပြောင်းနိုင်ခြင်း မရှိသေးမီ ထိုသို့ ထွက်ပြေးခြင်းဖြစ်သည်။

အဆိုပါ တာဝန်ရှိသူက "လုံခြံုရေးက နေ့ရောညရော မစောင့်နိုင်ဘူး၊ ညဘက် ထွက်သွားကြတယ်"ဟု ဆိုသည်။

စစ်ဆေးအတည်ပြုချက်မရရှိသေးဘဲ ထွက်ပြေးနေသော ထိုဒုက္ခသည်များနှင့် ပတ်သက်၍ လုံခြံုရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိသည်ဟု မောင်တောဒေသခံများက ပြောသည်။

မောင်တောမြို့နယ် ရှေ့နေအသင်းမှ ဦးအောင်ကြည်ညွှန့်က"ဒီလူတွေဟာ အကြမ်းဖက်မယ့် လူတွေ ဆိုရင် ဒေသလုံခြံုရေးကို ဘယ်သူက တာဝန်ယူမလဲ"ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကမူ ထိုသို့ ထွက်ပြေးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက "ထွက်ပြေးနေတာတော့ ကြားတယ်ဗျ။ နောက်ဆုံး ဘယ်နှစ်ယောက်ရှိပြီလဲ ဆိုတာတော့ မသိသေးဘူး"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ယာယီစစ်ဆေးမှုများခံယူနေသော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဟု အတည်ပြုထားသော်လည်း လက်ရှိ အချိန်ထိ လက်ခံခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်းတွင် ဖမ်းမိထားသော လှေစီးဒုက္ခသည် နှစ်ဆယ်ကျော်မှာ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် ရှိသေးပြီး၊ ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းထားသော လှေစီးဒုက္ခသည် ၅၄၄ ဦး သည် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် ၃၇ တွင် စစ်ဆေးလျှက်ရှိသည်။ ဒုက္ခသည်များ အနက် ၁၆၅ ဦးကို ဇူလိုင်လ၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးမည်ဟု နိုင်ငံခြားရေဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...