“ကယားပြည်နယ် ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလိုက်နာမှု အားနည်းခြင်း၊ ပါတီဗဟို၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှု အားနည်းစေခြင်းများကြောင့် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ပြစ်တင်ရှုတ်ချပြီး ဗဟိုကော်မတီအဖြစ်မှ ပါတီဝင်အဆင့်ဆင့်သို့ လျော့ချကာ ပါတီဝင်အဖြစ်မှ အနားပေးရန် ဆုံးဖြတ်သည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကယားပြည်နယ် ပါတီကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားသတ်မှတ်ရန် ပါတီဌာနချုပ်က ချမှတ်ထားသည့် မူဝါဒများကို လိုက်နာရန် ပျက်ကွက်ခဲ့ပြီး ထိုကိစ္စကို ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့က စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဖွဲ့စည်းကာ စစ်ဆေးစေခဲ့သည်ဟု ဆိုသည်။ ထိုသို့ စစ်ဆေးသည့် ကာလအတွင်း ဇွန် ၂၈ရက်ကပင် ဦးခင်မောင်ဦး ကိုယ်တိုင် ပါတီမှ နှုတ်ထွက်ခွင့်ပြုရန် စာရေးသားတင်ပြခဲ့သည်။
ယင်းတင်ပြချက်နှင့် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအပေါ် ဇူလိုင် ၂ရက်တွင် ပါတီဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးက ၎င်းအား ပါတီမှ အနားပေးရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် ပါတီစည်းမျဉ်းများအား မည်ကဲ့သို့ ချိုးဖောက်သည်ကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

ကယားပြည်နယ်တွင် ပါတီကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခေါ်) ဦးဘူးရယ် အပါအဝင် ကယားပြည်နယ်မှ ဝန်ကြီးငါးဦး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ နုတ်ထွက်လိုက်ပြီဟု ပါတီမှ နုတ်ထွက်ခဲ့သည့် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက မဇ္ဈိမကို ပြောသည်။ ပါတီမှ နုတ်ထွက်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးချစ်လှကမူ “လူငယ်တွေကို နေရာပေးချင်လို့ပါ”ဟုသာ ဇူလိုင် ၁၃ရက်က မဇ္ဈိမ သတင်းထောက် ကို ပြန်လည်ဖြေကြားခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နုတ်ထွက်သွားသော ဝန်ကြီးများသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး (ခေါ်) ဦးဘူးရယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့ဖြစ်သည်။







