မြန်မာနိုင်ငံတွင် မုဆိုးဖိုထက် မုဆိုးမဦးရေ သုံးဆကျော် ပိုများပြီး ရခိုင်တွင် အများဆုံးရှိနေဟုဆို

မြန်မာနိုင်ငံတွင် မုဆိုးဖိုထက် မုဆိုးမဦးရေ သုံးဆကျော် ပိုများပြီး ရခိုင်တွင် အများဆုံးရှိနေဟုဆို
by -
မဇ္ဈိမ
အမျိုးသားများ သေနှုန်းမြင့်မားခြင်းနှင့် ပြန်လည်လက်ထပ်မှု များခြင်းကြောင့် မြန်မာနိုင်ငံတွင် မုဆိုးမဦးရေ ပိုများပြီး အချိုးအားဖြင့်ဆိုလျှင် မုဆိုးဖို ဦးရေထက်  သုံးဆကျော် ပိုများသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြား လိုက်သည်။

၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ကိုးကားကာ ဇူလိုင် ၁၁ရက်က နေပြည်တော်တွင်ပြုလုပ်သည့် “ကမ္ဘာ့လူဦးရေနေ့” အခမ်းအနားတွင် ဝန်ကြီးဦးခင်ရီက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်တွင် မုဆိုးမဖြစ်သူ အများဆုံးရှိသည်ဟုလည်း ဦးခင်ရီက ပြောသည်။

သန်းခေါင်စာရင်းအရ အမျိုးသမီးများ မုဆိုးမဖြစ်သည့် အသက်အရွယ်မှာ ပျမ်းမျှအားဖြင့် အသက် (၃၅)နှစ်မှ (၄၀)နှစ် အတွင်းဖြစ် ပြီး အမျိုးသားများ မုဆိုးဖိုဖြစ်သည့် အသက်မှာ ပျမ်းမျှအားဖြင့် (၅၅)နှစ်ဖြစ်သည်။ အသက် (၆၅)နှစ်အရွယ်တွင်မူ အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် မုဆိုးမများဖြစ်ကြပြီး အမျိုးသား ၁၃ရာခိုင်နှုန်းကသာ မုဆိုးဖိုများဖြစ်သည်။

မုဆိုးမ/ကွဲကွာ ဖြစ်သွားသည့် အမျိုးသမီးများသည် များသောအားဖြင့် ပြန်လည်လက်ထပ် ထိမ်းမြားလေ့မရှိဘဲ အိမ်ထောင်ရှိသူ အမျိုးသမီးများထက် ဘဝကို ပိုမိုခက်ခဲစွာ ရုန်းကန်ရလေ့ ရှိသည်ဟု ဦးခင်ရီက ဆိုသည်။

ဦးခင်ရီက  “အရေးပေါ်အခြေအနေမျိုးတွင် မုဆိုးမ/ကွဲကွာများကို ထိုခိုက်မှုနည်းစေရန် လူမှုရေး အထောက်အကူ အစီအစဉ်တွေနဲ့ တစ်ဖက်ကလည်း တစ်နေ့တစ်ခြား တိုးပွားများပြားလာမယ့် သက်ကြီး ရွယ်အို မုဆိုးမ/ကွဲကွာများအတွက် စောင့်ရှောက်မှု အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လာပြီ” ဟုလည်း ဆိုသည်။

ကမ္ဘာ့လူဦးရေနေ့အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း “အမျိုးသမီး တစ်ဦး၏ အသက်တစ်ချောင်းသည် မည်သည့်အချိန် မည်သည့် အခြေအနေတွင်မဆို ခြွင်းချက်မရှိ တန်ဖိုးရှိနေစေရမည်” ဟု ကတိပေးပြောဆိုသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့လူဦးရေနေ့တွင် ကုလသမဂ္ဂကလည်း “အမျိုးသမီနှင့် မိန်းကလေးတို့၏ ကျန်းမာရေးနှင့် ၎င်းတို့၏ အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ယခုထက်ပိုပြီး နှစ်ဆပိုမိုကြိုးပမ်း အားထုတ် ဆောင်ရွက်ပေး ကြရန်” နိုင်ငံတကာ အသိုင်းအဝန်းသို့ သဝဏ်လွှာပေးပို့ တိုက်တွန်းထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...