ငွေကြေးလိုအပ်ချက်ကြောင့် ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တစ်ပြိုင်တည်းလုပ်မည်

ငွေကြေးလိုအပ်ချက်ကြောင့် ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တစ်ပြိုင်တည်းလုပ်မည်
by -
မဇ္ဈိမ
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)
ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပရန်ရှိနေသည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲနှင့် သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ ၅၉(ဃ)ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို တစ်ချိန်တည်း ပူးတွဲပြုလုပ်သွားမည် ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို သီးခြားစီကျင်းပမည်ဆိုပါက အချိန်၊ လုပ်အားနှင့် ငွေကြေးလို အပ််ချက်ရှိသည်ဟု သူရဦးရွှေမန်းက ဇူလိုင် ၁ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအစတွင် ပြောသည်။

“ပူးတွဲပြီးဆောင်ရွက်ရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေကုန်ကျမှုတွေကို လျှော့ချနိုင်တဲ့အပြင် ဥပဒေအရ အကျိုးသက်ရောက်မှုကိုလည်း ထိခိုက်တဲ့ အခြေအနေမရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရမည့် ပုဒ်မ ၅၉(ဃ)မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့သည် စစ်ရေးအမြင်ရှိရမည်ဆိုသည့် မူလဥပဒေပြဌာန်းချက်အစား ကာကွယ်ရေးအမြင်ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်တွင် ဇွန်လ ၂၅ ရက်က သဘောတူထားခြင်းဖြစ်သည်။
 
အဆိုပါ ကာကွယ်ရေးအမြင်ရှိရမည်ဆိုသည့်အချက်ကို သဘောတူ၊ မတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည် ဖြစ်သည်။
 
ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်အေးထံ စာဖြင့် အကြောင်းကြားသွားမည်ဟုလည်း သူရဦးရွှေမန်းက လွှတ်တော်သို့ အသိပေးခဲ့သေးသည်။

ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပမည်ဆိုပါက တစ်ပြိုင်တည်း အလုပ်နှစ်မျိုး လုပ်ရမည့်အတွက် ပြည်သူများ အတွက် ရှုပ်ထွေးစေသည်ဟု အတိုက်အခံအမတ်ဖြစ်သူ ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က မှတ်ချက်ပြုသည်။

“မဲလည်းပေးရဦးမယ်၊ ဒီဥပဒေကိုလည်း ထောက်ခံရဦးမယ်။ ဒါမှမဟုတ် ကန့်ကွက်ရဦးမယ်ဆိုတဲ့အခြေအနေ တစ်ခုအပေါ်မှာ ပြည်သူလူ ထုအနေနဲ့ တော်တော်ကို ရှုပ်ရှုပ်ထွေးထွေးနိုင်သွားမယ့် အခြေအနေမျိုးမှာ ကျွန်မတို့ကတော့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်စေ၊ ရွေးကောက်ပွဲကိုတော့ ဘယ်လိုနည်းလမ်းနဲ့မှ အထိခိုက်မခံနိုင်ဘူး” ဟု ဒေါ်ခင်စန်းလှိုင်က သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(က)တွင် “ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော် တစ်ဝှမ်းလုံးတွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပရာတွင် ကြီးကြပ်နိုင်ရေးတို့အတွက် တာဝန်ယူဆောင်ရွက် ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တာဝန်ပေးအပ်ရမည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင် ကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များနှင့် ဆောင်ရွက်ရမည့် အချိန်ကာလကို သတ်မှတ်ပေးရမည်” ဟု ပြဌာန်းထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...