“ရေထွက်ပစ္စည်းလည်း ဒီလိုပဲ၊ ဆန်၊ စပါးလည်း ဒီလိုပဲ၊ ပဲအမျိုးမျိုးလည်း ဒီလိုပဲ။ တစ်ကယ်တော့ ကျွန်တာ်တို့ နှစ်ပေါင်း များစွာပေါင်းလာတယ်။ ဒါပေမယ့် သူတို့က တအား ဒုက္ခပေးတယ်” ဟု ဦးမြင့်လှိုင်က ပြောသည်။
တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များတက်ရောက်သည့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနရုံးတွင် ဇွန် ၂၉ ရက်က ပြုလုပ်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ဆန်တင်ပို့မှုကို တန်ချိန်တိုးမြှင့်ခွင့်ပြုသော်လည်း စျေးကစားနေကြောင်း၊ ထိုအခြေအနေကို သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတတို့က ညှိနှိုင်းဖြေရှင်းပေးသင့်သည်ဟုလည်း အစည်းအဝေးတွင် ဦးမြင့်လှိုင်က ပြောသည်။
“တရုတ်က တော်တော်ညစ်ထားတယ်။ ကျွန်တော်ရော၊ ဒုဝန်ကြီးရောကြိုးစားတယ်။ သို့သော် နိုင်ငံတော်အဆင့်က သမ္မတနဲ့ ဒုသမ္မတလည်းဘဲ သူတို့ကို ကောင်းကောင်းပြောပေးဖို့လိုတယ်။ သံအမတ်ကြီးတွေကို ခေါ်ပြောရမယ်” ဟု ဦးမြင့်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဖြစ်သည့် ဦးအောင်သန်းဦးကလည်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တွေ့ကြံုရသည့် အခက်အခဲများကို အစည်းအဝေးတွင် တင်ပြခဲ့သေးသည်။
“သယ်ယူပို့ဆောင်မှုနဲ့ ကြည့်ရင် ကျွန်တော်တို့ရဲ့ လယ်ယာထွက်ကုန် ပြောင်းနဲ့ ဆန်ဟာ တရုတ်နိုင်ငံဘက်ကို တရားမဝင် တင်ပို့ရတာဖြစ်ပါတယ်။ သူတို့ထဲကို ကားတွေနဲ့ ဖြတ်လို့ မရဘူး။ ရွှေလီမြစ်ထဲကနေပြီးတော့ လှေငယ်လေးတွေနဲ့ သိန်းနဲ့ချီတဲ့ ဆန်အိတ်တွေ၊ ပြောင်းတွေကို တရားမဝင် သွင်းရပါတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်း စပါးများ ရိုက်သိမ်းအပြီး ခြွေလှေ့ နေကြသူများအားတွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း) -







