ဇွန် ၂၃ ရက်က ရန်ကုန်မြို့ အောက်ပုဇွန်တောင်မြို့နယ် ၅၁လမ်းရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတွင် ပြုလုပ်သည့် ‘၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများ ဟောပြောပွဲ’ တွင် ၄င်းကပြောခဲ့ခြင်းဖြစ်သည်။
Mr.Larry Jagan က ”လက်ရှိဦးသိန်းစိန် အစိုးရက တက်လာတုန်းက မြန်မာ့ငွေကြေးကို နှုန်းရှင်ထားမယ် အထိပြောတယ်။ ဘာမှဖြစ်မလာဘူး၊ သက်တမ်းကုန်ခါနီးအထိ အမှတ်ရစရာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလုပ်ရာမှာ မယုံနိုင်အောင် တိုးတက်မှုမြန်ဆန်လာတာတစ်ခုပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပစ်အခတ်လက်မှတ်ရေးထိုးနိုင်ဦးမယ် မထင်ဘူး”ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး လွတ်လပ်ရေးရပြီး နှစ်လကျော်အကြာတွင် လက်နက်ကိုင် တော်လှန်ရေးများ နိုင်ငံ အနှံ့ ပေါ်လာခဲ့သည်။
၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရ တက်လာပြီးနောက် ၁၉၆၃ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စစ်အစိုးရနှင့် တော်လှန်ရေး အင်အားစုများတွေကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
တိုင်းရင်းသားစည်းလုံးညီညတ်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်မှာ ကတည်းက ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့တာရှိတယ်။ အခုလို အပစ်အခတ်ရပ်စဲရေး အဆင့်အထ်ိတောင် မရောက်ခဲ့ဖူးဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ လွတ်လပ်ရေးရပြီးကတည်းက တောက်လျှောက်ပါလာတာ ဆိုတော့ ခု ၂ နှစ် ၃ နှစ်နဲ့တော့ မရနိုင်ပါဘူး၊ အခုအစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးကို ပြီးမြောက်မှ နောက်တက်လာမယ့် အစိုးရ လက်ထက်မှာ ကျန်တဲ့လုပ်ငန်းတွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးဖ်ို့ မူဘောင်ချမှတ်တာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တာတွေ ဆက်လက်လုပ်ဆောင်သွားလို့ ရမှာဖြစ်တယ်။“ဟုဆိုသည်။
ငြိမ်းချမ်းရေးမရရှိပါက စစ်ဘေးသင့်ခံရသော ဒေသရှိပြည်သူများဒုက္ခရောက်မည်ဖြစ်ပြီး မိမိတို့ပါတီအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုံးဝထောက်ခံကာ ပါ၀င်ခွင့်ရသည် ့နေရာမှ ပါ၀င်ခဲ့သည်ဟုလည်း ၄င်းကဆိုသည်။
ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူးဒေါ်သန်းသန်းနုကလည်း ”အခုထိ ပစ်ခတ်နေကြတာတွေရှိတုန်းပဲ၊ လုံးဝငြိမ်းချမ်းရေးတော့ မရသေးဘူးဆိုပေမယ့် အားလုံးက ကြိုးစားနေကြတယ်။ ဒါပေမဲ့ လက်ရှိမှာ နည်းနည်းအထစ် အငေါ့တွေရှိလာတယ်။ ဒီလောက်လုပ်လာပြီးမှ အထစ်အငေါ့တွေအတွက် တည်ဆောက်ပြီးသားကို ပြည်သူတွေအတွက် စဉ်းစားပြီး မဖျက်ကြရင်တော့ အကောင်းဆုံးပဲ” ဟုဆိုသည်။
လက်ရှိအစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြောင်းလဲမှုများဆောင်ရွက်ခဲ့ရာတွင် လုပ်ဆောင်ပေးရန် ကျန်ရှိနေမှုများ ရှိနေသေးသော်လည်း ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တိုးခြင်းများ၊ နိ်ုင်ငံရပ်ခြားနှင့် လွယ်လင့်တကူ ကူးလူးဆက်ဆံသွားလာဝင်ထွက်ခွင့်ရခြင်း စသဖြင့် ကောင်းကွက်များစွာရှိနေသည်ဟု ဒေါ်သန်းသန်းနုက ထောက်ပြ သုံးသပ်သည်။
အမျိုးသားဒီမိိုကရေစီပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းကမူ “ဒီနိုင်ငံရဲ့ အပြောင်းအလဲတွေက အများပြောမယ်ဆို ပြောချင်စရာ ပြောလို့ရလောက်အောင်ကို ပြည်သူတွေအတွက် တကယ်ပဲ အကျိုးရရှိမှုနည်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးပြောရရင် လက်ရှိမှာလည်း လက်နက်ကိုင် အဖွဲ့အစညး်တွေရော ပါတီတွေရော တကယ်ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ဆန္ဒှရှိရင် ရကိုရမှာပါ။ အခု ကြန့်ကြာနေတယ်ဆိုတာ စိတ်သဘောထားတွေ မရှင်းကြလို့၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု လိုအပ်နေသေးလို့ဖြစ်တယ်”ဟုဆိုသည်။
Mr.Larry Jagan က မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေး ကွဲပြားမှုများနှင့် ပထဝီဝင်အရ တောင်ပေါ်မြေပြန့် ကွဲပြားမှု များပြား၍ ဒေသခံများနှင့် သက်ဆိုင်ရာနယ်ပယ် ဒေသအလိုက် ချိတ်ဆက်ဆောင်ရွက်နေသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကိုလည်း အပစ်အခတ် ရပ်စဲရေးဆောင်ရွက် သည့်ဖြစ်စဉ်တွင် ပါ၀င်စေဖို့လိုအပ်သည်ဟုလည်း ထောက်ပြပြော ဆိုခဲ့သည်။







