မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးမိသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့်ပတ်သက်ပြီး ဦးရဲထွဋ်က "နှစ်ဖက် အဆင်ပြေတဲ့အချိန်နဲ့ နေရာကို ဆွေးနွေးနေတယ်။ ပြီးတာနဲ့ နှစ်နိုင်ငံ အလံတင်အစည်းအဝေးလုပ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းလွဲမယ်" ဟု ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ယာယီထားရှိ စစ်ဆေးနေသော လှေစီးဒုက္ခသည်များကို လက်ခံမှသာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးမိထားသူကို လွဲပြောင်းပေးမည် ဟူသည့် သတင်းများအပေါ် ဦးရဲထွဋ်က ငြင်းဆိုလိုက်သည်။
"ဒါကတော့ မဆိုင်ဘူး၊ သူ့ကဏ္ဍနဲ့သူ ဖြစ်ပါတယ်" ဟု ၄င်းကဆိုသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မူဟာမက် ဆူဖီရာမာန်တို့ ဇွန် ၂၀ ရက်က တွေ့ဆုံခဲ့သေးပြီး မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် လုံခြံုရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးစစ်မေးနေသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံရာတွင် "ဖြစ်ရပ်မှန်အခြေအနေ အသေးစိတ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အမြန်ဆုံး သတင်းပို့ပေးစေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ် မီဒီယာများမှ မမှန်ကန်သည့် ချဲ့ကားရေးသားမှုများ ပြုလုပ်ခြင်း မရှိစေရေးအတွက် ပူးပေါင်းကူညီသွားစေလိုကြောင်း" ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာပိုင်နက်အတွင်းသို့ ၀င်ရောက်လာသော ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် ယူနီဖောင်းဝတ်ဆင်ထားသူ သုံးဦးနှင့် မြန်မာ နယ်ခြားစောင့်ရဲတို့ ဇွန် ၁၇ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ အနက်တစ်ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။







