NCA တွင် တိုင်းရင်းသားအားလုံး ပါ၀င်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

NCA တွင် တိုင်းရင်းသားအားလုံး ပါ၀င်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးတွင် တိုင်းရင်းသားအားလုံးပါ၀င်မည့်အချက်ကို အစိုးရဘက်က တုံ့ပြန်ခြင်းမရှိသေးဟု NCCT အဖွဲ့ဝင် စောကွယ်ထူးဝင်းက မဇ္စျိမကိုပြောသည်။

ပြည်ထောင်စု ငြိမ်းရေးဖော်ဆောင်မှု ကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်တချို့ ဇွန် ၂၂ ရက်က ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် အချောသတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"NCCT အဖွဲ့ဝင်အားလုံး ၁၆ ဖွဲ့ပါ၀င်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတာ မတ် ၃၁ ရက်က သဘောတူညီမှုမှာလည်း ပါပြီးသားပါ။ ဒါပေမယ့် အပြီးသတ် အတည်ပြုချက်တော့ အစိုးရနဲ့ ထပ်ဆွေးနွေးဖို့ရှိသေးတယ်" ဟု စောကွယ်ထူးဝင်းကပြောသည်။

"ထပ်ဖွဲ့ထားတဲ့ အဖွဲ့နဲ့ ဦးအောင်းမင်းတို့နဲ့တွေ့ဖို့အတွက် ကျွန်တော်တို့က အကြိုလာဆွေးနွေးတာ။ တိကျတဲ့ ရက်တော့ သတ်မှတ် မပေးသေးဘူး။ ဇူလိုင်လဆန်းလောက်တော့ ဖြစ်မယ်လို့ ထင်တယ်" ဟု ၄င်းကဆက်ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် တိုင်းရင်းသားအဖွဲ့တို့ကြား ချုပ်ဆိုမည့် အပစ်ရပ်စာချုပ်မူကြမ်း NCA ထွက်လာပြီးနောက်တွင် ထိုစာချုပ်တွင် လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားများအဖွဲ့က အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တစ်ခုကို ဖွဲ့စည်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များက ထပ်မံဖွဲ့စည်းလိုက်သော အဖွဲ့တွင် NCCT မှခေါင်းဆောင်တစ်ချို့နှင့် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ချင်းစီ၏ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်များ ပါ၀င်သည်။

NCA လက်မှတ်ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက "မနေ့ကတော့ NCCT အနေနဲ့ လာတွေ့တာပါ။ NCA ပါ အချက်တွေကို ထပ်ဆွေးနွေးဖို့ကတော့ နှစ်ဖက်ဆွေးနွေးမှု အပေါ်မူတည်ပါလိမ့်မယ်" ဟု မဇ္စျိမကိုပြောသည်။

NCA လက်မှတ်ရေးထိုးရေးနှင့် ဆက်စပ်၍ UPWC နှင့် NCCT တို့ ဇွန်လ ၁၀ ရက်က ချင်းမိုင်မြို့တွင်လည်း တွေ့ဆုံခဲ့သေးသည်။

တိုင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကျင်းပခဲ့သော လော်ခီးလာညီလာခံမှ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မူကြမ်း ပြင်ဆင်ချက် ၁၂ ချက်နှင့် ဆုံးဖြတ်ချက် ကိုးချက်ကို အစိုးရ အဖွဲ့သို့ ပေးပို့ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...