ယင်းသို့ သဘောတူညီပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်သည်ဆိုခြင်း၌ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများလည်း ပါဝင်ရန် လိုအပ်သည်ဟု ယင်းညီလာခံတွင် အဆိုတင်သွင်းခဲ့သူ လားဟူအမျိုးသမီးအဖွဲ့မှ နန့်ပေ့ပိုးက မဇ္စျိမကို ပြောသည်။
၄င်းက "ကျွန်မတို့ဒီ NCT (အပစ်ရပ် စာချုပ်) မူကြမ်းကိုလေ့လာတဲ့အခါမှာ အမျိုုးသမီး ၃၀ ရာခိုင်နှုန်း ဆိုတာလည်း မပါဘူး၊ အမျိုုးသမီးပါဝင်ဖို့ တိတိကျကျရေးဆွဲထားတာလည်း မရှိဘူး။ သင့်တင့် လျောက်ပတ်သော အချိုးအစား ဆိုတော့ ပါတယ်ဆိုရုံ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း လောက်ပဲ ဖြစ်ရင်လည်း ဖြစ်သွားနို်င်တယ်” ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် နို်င်ငံရေးဆွေးနွေးပွဲများ၊ တိုင်းရင်းသား ပေါင်းစုံထိပ်သီး ဆွေးနွေးပွဲများတွင် အမျိုုးသမီးပါဝင်မှုနှုန်း လွန်စွာနည်းပါးနေ၍ အမျိုးသမီးများ၏ အခွင့်အရေး၊ အခက်အခဲနှင့် လိုအပ်ချက်များကို ထောက်ပြပြောဆိုပေးနို်င်မှု၊ ထောက်ပြပြောဆိုပေး မှုအပေါ်တွင် ထောက်ခံမှုများ အားနည်းနေသည်ဟုလည်း ၄င်းက ဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ချိန်တွင် အမျိုုးသမီး ၃၀ ရာခိုင်နှုန်း မပါဝင်ပါက အမျိုးသမီးများ၏ အရေးကိစ္စများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသများရှိ အမျိုးသမီးများ၏ အမျိုးသမီး အခွင့်အရေးများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် အခက်အခဲများကို သေချာကျနစွာ တင်ပြပြောဆိုနို်င်သူမရှိဘဲ လျစ်လျူရှုခံလာရနို်င်သဖြင့် အမျိုုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်စေရေးသည် အရေးကြီးသည်ဟု နန့်ပေ့ပိုးက ဆိုသည်။
လော်ခီးလာ ညီလာခံတွင် အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းအပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) (WLB ) ၏ လေ့လာသုံး သပ်ချက်ကို လားဟူအမျိုးသမီးအဖွဲ့က တင်ပြဆွေးနွေးခဲ့ပြီး ယင်းမူကြမ်းတွင် အမျိုးသမီးပါဝင်မှုကို သင့်တင့်လျောက်ပတ်သော ရာခိုင်နှုန်းဟုသာ ဖော်ပြထားခြင်းကို ထောက်ပြကာ တိကျသော ရာခိုင်နှုန်း ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများ သည် နိုင်ငံရေးတွင် ထိုက်တန်သောနေရာ ရရှိနိုု်င်ကြောင်း အသိရှိရန်လိုသကဲ့သို့ ထိုက်တန်ကြောင်းပြသရန် ကြိုးစားဖို့လိုအပ်ကြောင်း လည်း ယင်းညီလာခံ တက်ရောက်ခဲ့သူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ဒေါ်စောမြရာဇာလင်းက သုံးသပ်သည်။







