ဂျာမန် တက္ကသိုလ်များတွင် ကျောင်းလခ အခမဲ့ဖြင့် တက်ရောက်နိုင်

ဂျာမန် တက္ကသိုလ်များတွင် ကျောင်းလခ အခမဲ့ဖြင့် တက်ရောက်နိုင်
by -
မဇ္ဈိမ
 နိုင်ငံတကာက အသိအမှတ် ပြုထားသည့် ဂျာမန် တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ အနေဖြင့် ကျောင်းလခ အခမဲ့ဖြင့် တက်ရောက် ဘွဲ့ယူနိုင်သည်ဟု Gothe Institute (မြန်မာနိုင်ငံ) ဒေါက်တာ သိန်းဝင်းက မဇ္စျိမကို ပြောသည်။

ဇွန်လ ၂၀ ရက်က ပြင်သစ်သံရုံးတွင် ပြုလုပ်သည့် ဂျာမနီနိုင်ငံတွင် ပညာသင်ကြားခြင်းနှင့် ပတ်သက်၍ သတင်းအချက် အလက်ပေးသည့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် တက္ကသိုလ်ပေါင်း ၃၅၀ ခန့်ရှိပြီး ဂျာမနီ အစိုးရက ၎င်း၏ ပြည်သူများအတွက် ဘွဲ့ရရှိသည်အထိ အခမဲ့ပညာရေး စနစ်ကို ဖန်တီးပေးထားပြီး နိုင်ငံခြားမှ လာရောက်တက်ရောက် သူများကိုလည်း အခမဲ့ ပညာရေးစနစ် ခံစားခွင့်ပေးထားသည့် အတွက် နေစရိတ်၊ စားစရိတ်သာ ကုန်ကျမည် ဖြစ်သည်။

ဒေါက်တာ သိန်းဝင်းက “ မြန်မာနိုင်ငံမှာတောင်မှ ကျောင်းလခပေးပြီး တက်နေရတာ။ ကျောင်းလခ ပေးစရာမလိုဘဲ တက္ကသိုလ်မှာ ပညာသင်လို့ရတယ်ဆိုတာ မြန်မာကျောင်းသားတွေကို သိစေချင်တယ်။ ကျောင်းပြီးရင် အဲ့ဒီမှာပဲ အလုပ်ရှာဖွေနိုင်ပြီး ဂျာမဏီနိုင်ငံမှာ နေတာ ငါးနှစ်ပြည့်သွားရင် နိုင်ငံသားလည်း လျှောက်လို့ရတယ်” ဟု ပြောသည်။

ဂျာမနီနိုင်ငံရှိတက္ကသိုလ်များတွင် ပညာသင်ယူမည့် ကျောင်းသားများအတွက် ဘဝ အာမခံချက်ခိုင်မာပြီး စားစရိတ်၊ နေစရိတ်နှင့် ၁၀၀ ရာခိုင်နှုန်း ကျန်းမာရေး အာမခံအတွက်  တစ်လလျှင် မြန်မာကျပ်ငွေ ၈ သိန်း ခန့်ကုန်ကျမည်ဖြစ်ပြီး ကျောင်းတက်နေစဉ် ကာလအတွင်း အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့်လည်း ရှိသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသား ကျောင်းသားများအား တစ်နှစ်လျှင် ရက်ပေါင်း ၁၂၀ အလုပ်လုပ်နိုင်ပြီး နေ့တစ်ဝက်အလုပ် ဖြစ်ပါက ရက်ပေါင်း ၂၄၀ အလုပ်လုပ်ခွင့်ကို ဂျာမနီအစိုးရက ခွင့်ပြုပေးထားပြီး ကျောင်းတက်စရိတ် ရရှိနိုင်ရန် ပညာသင်ဆု လျှောက်ထားနိုင်သည့် အခွင့်အလမ်းများလည်း ရှိသည်ဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် လေကြောင်းတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုစည်သူကျော်က “မာစတာ ဘွဲ့တက်ဖို့အတွက် လာစုံစမ်းတာပါ။ လိုက်စုံစမ်းနေတာပေါ့နော်။ ဘယ်ကျောင်းက ကျွန်တော့်အတွက် အဆင်ပြေမလဲပေါ့။ အခု နားထောင် ကြည့်ရတာ တော်တော် အဆင်ပြေပါတယ်။ ဂျာမနီ ဘာသာစကားအတွက် သင်တန်းကြေးကလည်း အဆင်ပြေပါတယ်” ဟု ဆိုသည်။

ဂျာမန်တက္ကသိုလ်များတွင် ဘွဲ့ရယူလိုသူများသည် နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် သင်ယူနိုင်ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ် တစ်ခုခုမှ ပထမနှစ်ပြီးဆုံးရန် လိုအပ်ပြီး ဂျာမန်ဘာသာရပ် ကျွမ်းကျင်အဆင့် B1 အောင်လက်မှတ်ကို ရရှိထားရန် လိုအပ်ကာ မြန်မာနိုင်ငံမှ B2 အဆင့် အောင်လက်မှတ်ရရှိထားလျှင် ပိုမိုကောင်းမွန်သည်လည်း ၎င်းက ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို မိမိနှစ်သက်ရာ ဘာသာရပ်သင်ယူနိုင်ရန် သက်ဆိုင်ရာ တက္ကသိုလ် Website တွင် online တင်ရမည် ဖြစ်သည်။ ဂျာမန်ဘာသာရပ်ကို ကျွမ်းကျင်အဆင့် A1,A2,B1,B2,C1,C2 ဟူ၍ သတ်မှတ်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...