ဝှိုက်ကတ် အစားထိုးကတ်များကို ထုတ်ယူသူ တစ်ရာကျော်သာရှိ

ဝှိုက်ကတ် အစားထိုးကတ်များကို ထုတ်ယူသူ တစ်ရာကျော်သာရှိ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်တွင် ယာယီနိုင်ငံသားလက်မှတ် (ဝှိုက်ကတ်) အစားထိုးကတ်များ ထုတ်ပေးလျှက် ရှိသော်လည်း ထိုကတ်များကို ထုတ်ယူသည့် ဦးရေ တစ်ရာကျော်သာရှိသေးသည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ဝှိုက်ကတ်အစား (နိုင်ငံသားစိစစ်ခြင်း ခံယူမည့်သူ၏ သက်သေခံ ကတ်ပြား) အမည်ရှိ စိမ်းပြာရောင်ကတ်များကို ဇွန် ၅ ရက်က ထုတ်ပေးလျှက်ရှိပြီး နှစ်ပတ်ကြာသည်အထိ ထိုကတ်များကို လာရောက်ထုတ်ယူသူ တစ်ရာကျော်သာ ရှိသေးသည်ဟု ဆိုသည်။

“ထုတ်ယူရလွယ်ကူအောင် ကျေးရွာတွေအထိ ဆင်းပြီး အဖွဲ့ခွဲတွေ ထုတ်ပေးနေကြပါတယ်။ သူတို့အနေနဲ့ သဘောပေါက်အောင် ပညာပေးလုပ်ငန်းတွေ လုပ်ပေးတာမျိုး လုပ်ပေးနေပါတယ်” ဟု ဦးခင်စိုးက ပြောသည်။

“တစ်ပြည်နယ်လုံးစာရင်း အရ တစ်ရာကျော်ပဲ ရှိပါသေးတယ်” ဟု ဦးခင်စိုးက ဆိုသည်။

ဝှိုက်ကတ်များကို ပြန်လည် အပ်နှံထားသူ သုံးသိန်းရှစ်သောင်းကျော် ရှိသော်လည်း အစားထိုးကတ်များ ပြန်လည်ထုတ်ယူမည့်သူ နည်းပါးနေခြင်း ဖြစ်သည်။

စိမ်းပြာရောင်ကတ်များ ထုတ်ယူမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေ ဒုက္ခသည် စခန်းခေါင်းဆောင် ဦးအောင်ဝင်းက “အခုပေးတဲ့ ကတ်က အာမခံချက် မရှိတဲ့အတွက် သွားမထုတ်ကြပါဘူး။ ကျွန်တော်တို့ဆီက ယူသွားတာ ယာယီနိုင်ငံသားကတ်၊ ကျွန်တော်တို့ကို ပြန်ပေးမှာက ဘာအရည်အသွေးမှ မရှိသေးတဲ့ ကတ်တစ်ခုဖြစ်တဲ့အတွက် သွားယူမယ့်သူ မရှိကြဘူး။ ကျွန်တော်လည်း သွားမယူဘူး” ဟု ဦးအောင်ဝင်းက ပြောသည်။

အစိုးရ၏ ထုတ်ပြန်ချက်များအရ ဝှိုက်ကတ်အစားထိုးကတ်များ ကိုင်ဆောင်သူသည် နှစ် နှစ်အတွင်း နိုင်ငံသားဖြစ်ခွင့် လျှောက်ရ မည်ဖြစ်ပြီး နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် ကာလအတွင်း လွတ်လပ်စွာ သွားလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

“ဒီကတ်တွေ တစ်မျိုးပြီးတစ်မျိုး ထုတ်တယ် သိမ်းတယ်လုပ်နေတာဟာ ကျွန်တော်တို့ ရှိပြီးသား တရားဝင်လူဦးရေကို လျော့နည်းအောင် လုပ်နေတယ်လို့ စဉ်းစားစရာ ဖြစ်လာတယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

ယခင် ကိုင်ဆောင်ခဲ့သည့် ဝှိုက်ကတ်များသည် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး မေ ၃၁ ရက်အထိ အပ်နှံခြင်း လက်ခံခဲ့ကာ ဇွန်လဆန်းတွင် ဒေသတွင်းသွားလာမှု လွယ်ကူစေရန်နှင့် အထောက်အထား ရှိစေရန် စိမ်းပြာရောင် အစားထိုးကတ်များကို ထုတ်ပေးနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း ဝှိုက်ကတ် ကိုင်ဆောင်သူ ခြောက်သိန်းကျော်ရှိပြီး သုံးသိန်းရှစ်သောင်းကျော်က ပြန်လည်အပ်နှံခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...