UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် ဦးထွန်းဇော်တို့ သုံးဦးတို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
“အလွတ်သဘောပေါ့။ အဓိက ၂ ချက်ပါပဲ။ တစ်ချက်က အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့နဲ့ ပြန်ပြီး ညှိနှိုင်းဆွေးနွေးဖို့၊ ကျွန်တော်တို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြဖို့ပါပဲ” ဟု NCCT အဖွဲ့ဝင် ဦးထွန်းဇော်က မဇ္ဈိမကို ပြောသည်။
ဇွန်လ ၁၃ ရက်က UPWC နှင့် အမြန်ဆုံးတွေ့ဆုံနိုင်ရန် အကြိုတွေ့ဆုံညှိနှိုင်းမည့် သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့က ဖွဲ့စည်းခဲ့ပြီး အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံမှ ဖွဲ့စည်းလိုက်သော အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခြင်းအကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ဆက်လက် တွေ့ဆုံညှိနှိုင်းနိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်။
ယင်းအဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း (NCA) အပေါ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ပြင်ဆင်ဖြည့်စွက်ချက် အချက် ၁၂ ချက်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
UPWC နှင့် NCCT ကိုယ်စားလှယ်များ ပြီးခဲ့သည့် မတ်လ ၃၁ ရက်က နှစ်ဘက် တွေ့ဆုံဆွေးနွေး၍ NCA ပါ အချက်များကို သဘောတူ ဆွေးနွေးခဲ့သော်လည်း မိမိတို့ အဖွဲ့အစည်း ခေါင်းဆောင်များထံသို့ ပြန်လည် တင်ပြခဲ့ရာမှ အချက်အချို့ ပြင်ဆင်ဖြည့် စွက်ခဲ့ပြီးနောက် ယနေ့ထိ ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပေ။







