NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး အပါအဝင် အချက်နှစ်ချက်တောင်းဆို

NNER ၏ ညီလာခံက ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး အပါအဝင် အချက်နှစ်ချက်တောင်းဆို
by -
မဇ္ဈိမ
ဒုတိယအကြိမ် NNER ညီလာခံကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသူ ဇွန် ၁၈ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-NNER Facebook)
ဒုတိယအကြိမ် NNER ညီလာခံကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသူ ဇွန် ၁၈ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ-NNER Facebook)
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏ ဒုတိယအကြိမ် ပညာရေး ညီလာခံ ပထမနေ့တွင် ကျောင်းသားများ ပြန်လည်လွှတ်မြောက်ရေး အပါအဝင် အချက်နှစ်ချက်ကို ညီလာခံက တောင်းဆိုလိုက်သည်။

ပညာရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံကူညီသူများကို ချက်ချင်းလွှတ်ပေးရန်နှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ သဘောတူညီပြီးဖြစ်သည့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁)ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက “အဓိကက အချက်နှစ်ချက်ကို တောင်းဆိုခဲ့တာပါ။ NNERရဲ့ သဘောထားပါ။ အစိုးရက သဘောတူညီထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်သလို ကျောင်းသားတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ” ဟုပြောသည်။

Education, Peace and Democracy in the ethnic nationality area၊ Education and Right အကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ဒေါက်တာအာကာမိုးသူက ပြောသည်။

ညီလာခံကို ဇွန်လ ၁၈ ရက်မှ ၂၀ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည့် ညီလာခံ ပထမနေ့ကို လူဦးရေ ရ၀၀ခန့် တက်ရောက်ခဲ့သည်ဟု NNER ၏ မူဝါဒရေးရာ လုပ်ငန်းအဖွဲ့ဝင် မသူသူမာက မဇ္ဈိမကိုပြောသည်။

မသူသူမာက “အခု NNERက တောင်းဆိုခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပညာရေးစနစ်က အကောင်အထည်ဖော်မလာသလို ပညာရေးဥပဒေကြမ်းကို ဆွေးနွေးခဲ့တဲ့ ကျောင်းသားတွေလည်း မရှိတော့ပါဘူး။ ပြီးတော့ အစိုးရက ကတိပေးပြီး ဖော်ဆောင်ပေးမယ်ဆိုတဲ့ အချက် ၁၁ ကိုလည်း ပြောစကားနဲ့အညီ ဆောင်ရွက်ပေးရမှာပါ” ဟုပြောသည်။

လက်ရှိ လွှတ်တော်က ပြဋ္ဌာန်းရန်ကြိုးပမ်းနေသည့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍လည်း ယင်းဥပဒေသည် NNERနှင့် ကျောင်းသားတို့ တောင်းဆိုထားသည့် အချက်များပါ၀င်မှု နည်းပါးပြီး ဗဟိုချုပ်ကိုင်မှု များပြားနေဆဲဖြစ်သည်ဟုလည်း မသူသူမာကဆိုသည်။

NNER၏ နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ အားနည်းချက်၊ အားသာချက်များကိုလည်း ညီလာခံတွင် ညှိနှိုင်း အဖြေရှာသွားမည်ဟုဆို သည်။

ညီလာခံကို NNER၏ ကွန်ယက်အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ၊ ကျောင်းသားများဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ပထမအကြိမ် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ပြီးခဲ့သော ၂၀၁၂ခုနှစ် အောက်တိုဘာ ၆ ၊ ရ ရက်များက ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီအသီးသီးနှင့် ပညာရေး၊ ဘာသာရေး ဘုန်းတော် ကြီးသင်ကျောင်းများ အပါအဝင် ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းဆရာနှင့် တက္ကသိုလ်ဆရာများ စသည့်အဖွဲ့ ၁၄ ဖွဲ့တို့ ပါ၀င်ပြုလုပ်ခဲ့သည်။

ထို့နောက်တွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ Thinking Classroom Foundation၊ Educationalist Network၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ Generation Wave၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ တက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂများ (ဗ.က.သ၊ တ.က.သ၊ က. သ.ဖ)၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် ကျောင်းများ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းများနှင့် ပညာရှင်များက စတင်ဖွဲ့စည်းခဲ့သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...