“အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုသည့် လုပ်ဆောင်မှုများ ဖော်ဆောင်ကြရန်၊ အလုပ်ကို အခြေပြုသည့် စည်းလုံးညီညွတ်စွာ ဖော်ဆောင်ရန်နှင့် အလုပ်အဖွဲ့များအား အားဖြည့်ပြီး နိုင်ငံရေးအရ ဆက်လက် စားပွဲခုံတိုက်ပွဲ သွားကြပါစို့” ဟု မူတူးဆေးဖိုးက ပြောကြားလိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးရန် အဆင်သင့် မဖြစ်သေးသော်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် လော်ခီးလာ ညီလာခံမှတဆင့် ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတို့ ဇွန်လ ၁၁ ရက် (ယနေ့)တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ် သဘောတွေ့ဆုံမည်ဟု ၎င်းက ပြောသည်။
“အဆင့်မြင့်အဖွဲ့တွေ သွားညှိမှရမယ်။ ဆွေးနွေးလို့ အဆင်ပြေမှ အဖြေထွက်မယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကိုတော့ တိုင်းရင်းသားတွေက အစွမ်းကုန် ကြိုးစားနေတယ်။ ငြိမ်းချမ်းရေး မလိုချင်ဘူး။ အချိန်ဆွဲတယ်ဆိုတာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် အဖွဲ့အစည်း ပေါင်းစုံက တောထဲမှာ ရှစ်ရက်ကြာ အကျေအလည် ဒုက္ခခံပြီးတော့ ဆုံးဖြတ်လိုက်ရတယ်ဆိုတာ လွယ်တော့ မလွယ်ဘူး။ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်သွားနိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ရှစ်ရက်ကြာ ကျင်းပသော ညီလာခံ ရလဒ်အဖြစ် အချက် သုံးချက် ရရှိခဲ့ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းကို ပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ခြင်း၊ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်းနှင့် ယင်းမူကြမ်းအပေါ် လက်မှတ်ရေးထိုးမည့် သူများကိုလည်း ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတည်ပြု မူကြမ်းကို အစိုးရနှင့် အပြီးသတ်ညှိနှိုင်းရန် တိုင်းရင်းသားခေါင်းဆောင် ၁၅ ဦးပါဝင်သော “အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့” ကို ဖွဲ့စည်း၍ အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရန် ဆောင်ရွက်သွားမည်ဟု ညီလာခံအပြီး ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ညီလာခံတွင် နိုင်ငံရေးဆွေးနွေးပွဲများအတွက် NCCT မှ ပြုစုရေးဆွဲခဲ့သော နိုင်ငံရေး ဆွေးနွေးရေး မူဘောင် အခြေခံ လမ်းညွှန်ချက်များ (အဆိုပြုမူကြမ်း)ကို အစည်းအဝေးတွင် ပြန်လည်သုံးသပ်၍ သဘောထား အကြံပြုချက်များ ရယူခဲ့သည်ဟု ဖော်ပြထားသည်။
တရားမျှတ၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တညီတညွတ်တည်း ဆက်လက် ချီတက်ကြရန် ဆုံးဖြတ်နိုင်ခြင်းနှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရွေးချယ် တာဝန်ပေးအပ်နိုင်ခြင်းတို့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလက ချမှတ်ခဲ့သည့် လော်ခီးလာ “မူ”အရ အဖွဲ့အစည်းများ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့လုံး အတူတကွ ပါဝင် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်နိုင်ခဲ့သည်။
ထိုညီလာခံတွင် အဖွဲ့အစည်း ၁၇ ဖွဲ့မှ ကိုယ်စားလှယ်နှင့် လေ့လာသူပေါင်း ၁၀၈ ဦး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ၁၁ ဦး၊ NCCT နည်းပညာ အထောက်အကူပြုအဖွဲ့ဝင် ၅ ဦးနှင့် အထူးကိုယ်စားလှယ်အားလုံး ၁၉၀ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘီဂျေးနမ်ဘီယားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ Mr Yu Ji Mori တို့ တက်ရောက်ခဲ့သည်။







