မောင်ခက်နွေ — လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးသည် လက်ရှိမြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် အလွန်အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြောကြားလိုက်သည်။
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် NUCC ၏ ရှေ့ဆက်သွားမည့် နိုင်ငံရေးသဘောထား ရပ်တည်ချက်များနှင့် ပတ်သက်၍ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က မဇ္ဈိမသို့ ယခုကဲ့သို့ အတည်ပြု ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးက မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ရာမှာ အလွန်အရေးကြီးတယ်လို့ ခံယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စနစ်ပြောင်းတော်လှန်ရေးဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း မျက်ခြေမပြတ်ဘဲ အားလုံးရဲ့ စုပေါင်းအင်အားနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာ ပြောချင်ပါတယ်” ဟု ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဆိုသည်။
ထို့ပြင် လူထုခေါင်းဆောင်၏ မွေးနေ့တွင် ပြုလုပ်သည့် သက်ရှိထင်ရှားရှိကြောင်း ပြသသော Proof of Life ကမ်ပိန်းများနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်နေသည့် “နှင်းဆီလူထုလှုပ်ရှားမှု” များကိုလည်း NUCC အနေဖြင့် ထောက်ခံအသိအမှတ်ပြုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
NUCC မှ နိုင်ငံရေးသဘောထားထုတ်ပြန်ချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ထပ်လောင်းအတည်ပြုထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် မည်သည့် တဦးတယောက်၊ တစုတဖွဲ့တည်း၏ ဦးဆောင်မှုကိုမျှ မူမထားဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များအားလုံး ပါဝင်သော “စုပေါင်းခေါင်းဆောင်မှု” ဖြင့်သာ အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပေးအပ်နိုင်သော အကောင်းဆုံးကတိကဝတ်မှာ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်ရောက်ရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်ပြခြင်းပင်ဖြစ်ကြောင်း NUCC က ထုတ်ပြန်ထားသည်။
၎င်း၏ မွေးနေ့တွင် ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က လှုံ့ဆော်ထားသည်။
ထိုသို့ နှင်းဆီလှုပ်ရှားမှုအဖြစ် မိမိဒေသနှင့် လုံခြုံရေးအခြေအနေများအပေါ် မူတည်ကာ နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်သည့် အခြားပန်းတမျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန်ဝေငှခြင်းများ ပြုလုပ်ရန်၊ အွန်လိုင်းကမ်ပိန်းအဖြစ် မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားသော ပန်းဓာတ်ပုံများကို ဆိုရှယ်မီဒီယာများပေါ် တင်ပြီး အွန်လိုင်းမှ ပါဝင်ရန်နှင့် မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ရန် GSCB က ဇွန်လ ၁၃ ရက်က ထုတ်ပြန်ထားသည်။
ထိုလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ရန်၊ စစ်တပ်က အဓမ္မပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းရန်နှင့် လူထုအားလုံးအတွက် ဦးဝင်းမြင့်သည်သာ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အသိအမှတ်ပြုထားကြောင်း ပြသချင်သည့်အတွက်ဟု အသိပေးထားသည်။
ထို့ပြင် အဆိုပါ လှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ၏ ယုံကြည်စိတ်ချရသော သက်ရှိထင်ရှားရှိမှု အတည်ပြုချက်များ တောင်းဆိုသည့် “Proof of Life” ကမ်ပိန်းနှင့်လည်း အတူပူးတွဲ၍ လှုပ်ရှားစည်းရုံးသွားမည် ဖြစ်သည်ဟု ဆိုသည်။







