ပြည်လုံးကျွတ်ညီလာခံကျင်းပရန် KNPP စည်းရုံးရေးဆင်းမှု သမ္မတ ခွင့်မပြု

ပြည်လုံးကျွတ်ညီလာခံကျင်းပရန် KNPP စည်းရုံးရေးဆင်းမှု သမ္မတ ခွင့်မပြု
by -
မဇ္ဈိမ
ကယားပြည်နယ် ပြည်လုံးကျွတ်ညီလာခံကျင်းပရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က စစ်လက်နက် ၀တ်စုံအပြည့်ဖြင့်ပြည်နယ်တွင်း စည်းရုံးရေးဆင်းမည်ကို ပြည်နယ်အစိုးရကတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြထားရာ သမ္မတက ခွင့်မပြုကြောင်း ပြည်နယ်အစိုးရကတစ်ဆင့် အကြောင်းပြန်ခဲ့သည်ဟု KNPP ၏ လွိုင်ကော်မြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်အပါအဝင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ခွင့်မပြုခြင်းဖြစ်ကြောင်း ကယားပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မျိုးတင် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့က မေလ ၁၃ ရက်တွင် ခေါ်ယူတွေ့ ဆုံ၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ခူးညေးရယ်က “ကိုယ့်မြေကို ကိုယ်က ဧည့်သည်ပြန်ဖြစ်သွားသလိုခံစားရတယ်။ စိတ်မကောင်းဘူး။ ဘိုးဘွားတွေပိုင်ခဲ့တဲ့မြေမှာ ပြန်ပြီးတော့ လွတ်လပ်ခွင့် မရသလို ဖြစ်နေတယ်။ စည်းရုံးရေးဆင်းဖို့ကိစ္စကိုလည်း ဘယ်လိုဆင်းမယ်ဆိုတာ နည်းလမ်းရှာရမှာပေါ့”ဟုပြောသည်။

ပြည်လုံးကျွတ်ညီလာခံကို ဇွန်လအတွင်းကျင်းပရန် ရည်မှန်းထားပြီး ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး ကော်မတီက စည်းရုံးရေးဆင်းရန် နည်းလမ်းများ ရှာဖွေသွားမည်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လက်နက်ကိုင်၍ စည်းရုံးရေးဆင်းခြင်းကို ခွင့်မပြုခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လူအင်အား ၂၀၀ ခန့်ဖြင့် စည်းရုံးရေးဆင်းရန် ပြင်ဆင်မှုကို ပြည်နယ်အစိုးရက ခွင့်မပြုသဖြင့် မေလ ၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အစိုးရနှင့် တွေ့ဆုံ၍ လူအင်အားခွဲ၍ စည်းရုံးရေးဆင်းခွင့်ပြုရန် KNPP က တောင်းဆိုခဲ့ခြင်းကို အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြည်လုံးကျွတ် ညီလာခံ ကျင်းပရန်ကို အစိုးရက ခွင့်ပြုထားပြီး လွိုင်ကော်မြို့နယ် မြို့တော်ခန်းမကိုလည်း အသုံးပြုခွင့်ပေးထားသည်။ KNPP ကမူ ပြည်လုံးကျွတ် ညီလာခံ ကျင်းပမည့်ရက်နှင့် နေရာကို မသတ်မှတ်ရသေးပေ။

ကယားပြည်နယ် ပြည်လုံးကျွတ်ညီလာခံကို ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများကို ဖိတ်ကြားပြီး ပြည်နယ်၏ လိုအပ်ချက်များကို ဆွေးနွေးကာ ဘုံသဘောတူညီချက် ရယူသွားမည်ဟု ခူးညေးရယ်က ဆက်လက်ပြောကြားသည်။

ညီလာခံမှ ထွက်ရှိလာသည့် ဘုံသဘောတူညီချက်ကို တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြုလုပ် မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြဆွေးနွေ သွားမည်ဖြစ်သည်။

ကရင်နီပြည်နယ် လူငယ်များသမဂ္ဂ (UKSY) အဖွဲ့ဝင် ကိုဒီးဒီးက “ညီလာခံကနေ ကယားပြည်သူလူထုရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို စုစည်းပြီး အဲ့ဒီအချက်တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက် သယ်ဆောင်သွားမှာ ဆိုတော့ ထူးခြားမှုတစ်စုံတစ်ရာရှိမှာပါ” ဟုပြောသည်။

ကရင်နီပြည်နယ်လူငယ်များသမဂ္ဂ အနေဖြင့် ကယားပြည်နယ် ပြည်လုံးကျွတ်ညီလာခံတွင် ကယားပြည်နယ်အတွင်းရှိ သယံဇာတ စီမံခန့်ခွဲမှုများ၊ မြေယာပြဿနာများ၊ မြေမြုပ်မိုင်းပြဿနာများနှင့် သဘာဝပတ်ဝန်းကျင် အရေးကိစ္စများကို တင်ပြဆွေးနွေးသွားမည်ဟု ကိုဒီးဒီကဆိုသည်။

မေလ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင်လည်း KNPP၏ စည်းရုံးရေးဆင်းရန် လုပ်ဆောင်ချက်များကြောင့် ဒေသတွင်းအခြေအနေ ရှုပ်ထွေးလာပြီး ငြိမ်းချမ်းရေး ထိခိုက်စေမည့်အရေး ဒေသခံများက စိုးရိမ်ပူပန်လျှက်ရှိသည်ဟု ဖော်ပြထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် အစိုးရနှင့် ပဏာမအဆင့်ငြိမ်းချမ်းရေး သဘောတူညီမှုကို ၂၀၁၂ ခုနှစ် မတ်လ ရ ရက်က လက်မှတ်ရေး ထိုးခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...