တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်၍ ဧပြီ ၂၇ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ KIO နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ ဆွေးနွေးခဲ့ရာ ကွဲလွဲမှုများရှိနေသဖြင့် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွေ အနေနဲ့ မြေပြင်ကို ကွင်းဆင်းလေ့လာတဲ့ အနေအထားမျိုးကို လုပ်သင့်တယ်ဆိုတဲ့ အနေအထားကို နှစ်ဖက်ကနေ ဘုံသဘောထားအနေနဲ့တော့ သဘောတူတယ်။ ဒါပေမဲ့ တကယ်တန်းမြေပြင်ကို လေ့လာမယ့် အနေအထားမှာက အထက်က ခွင့်ပြုမိန့်ကို စောင့်နေရမယ်" ဟု ဆရာဒေါင်ခါးက မဇ္ဈိမကို ပြောသည်။
ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့မှ အဖွဲ့ဝင်များက ဖားကန့်ဒေသ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နှင့် တနိုင်းဒေသ KIA ၏ တပ်ရင်း ၁၄ ဒေသများသို့ သွားရောက် စစ်ဆေးရန်လျာထားသည်။ ထိုသို့စစ်ဆေးနိုင်ရန် အစိုးရဘက်မှ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်မှ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးမှတစ်ဆင့် ဌာနချုပ်သို့ တင်ပြထားပြီး ခွင့်ပြုမိန့် စောင့်ဆိုင်းလျက်ရှိနေသည်။
မကြာမီ ရက်ပိုင်းအတွင်း ခွင့်ပြုချက် ရလိမ့်မည်ဟု မျှော်လင့်သဖြင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သောအဖွဲ့များသည် လက်ရှိ မြစ်ကြီးနားမြို့ရှိ KIO ရုံးတွင် စောင့်နေသည်ဟု ဆရာဒေါင်ခါးက ဆိုသည်။
တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရတပ်မတော်၏ အောက်ခြေမှ အထက်သို့ တင်ပြသော အချက်အလက်တွင် တိုက်ပွဲများ နှင့် KIO ဘက်မှ တင်ပြသော အချက်အလက်များ နှစ်ဖက် ဖလှယ်ရာတွင် ကွဲလွဲနေသည်ဟုလည်း သူက ဆိုသည်။
"အောက်ခြေအဆင့်မှာရော၊ အနေအထားတမျိုးမျိုး ကွဲလွဲမှုတွေ ဖြစ်နေတာ နည်းနည်းထင်ရှားလာတဲ့ပုံစံ ရှိနေတယ်။ သဘောတရားက အခုသလော ဖားကန့်နဲ့ တနိုင်းမှာ ဖြစ်တဲ့ဟာတွေက အောက်ကနေ အပေါ်ကို Report(အစီရင်ခံစာ) ပို့တဲ့ဟာတွေက ကွဲလွဲမှုတွေ ရှိနေတယ်" ဟုပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က ဖားကန့်ဒေသ KIA တပ်ရင်း ၆ ဒေသတွင် အစိုးရ စစ်တပ်သို့ လှုပ်ရှားလာသဖြင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ တနိုင်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေအတွင်း ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် KIA ဘက်မှ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ရသည်ဟု KIO ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က မကြာမီက မဇ္စျိမကို ပြောဆိုထားသည်။
အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ပုံမှန်အားဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ အစိုးရစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် KIO ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် KIO ဘက်မှ တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရာ ဧပြီလ ၆ ရက် ပြန်လည် တွေ့ဆုံခဲ့သည်။ လာမည့် မေလ ပထမတွင် ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော်လည်း ဖားကန့်နှင့် တနိုင်းဒေသတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာသဖြင့် ဧပြီ ၂၇ ရက်မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။







