သျှမ်းအရှေ့ပါတီ ESSDDP ကျိုင်းတုံခရိုင်အတွင်း ၄ နေရာပြိုင်မည်

သျှမ်းအရှေ့ပါတီ ESSDDP ကျိုင်းတုံခရိုင်အတွင်း ၄ နေရာပြိုင်မည်
by -
သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် ပါတီဝင်အင်အား ၅၀၀ ပြည့်ပြီး ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ၄ နေရာအတွက် အသင့်ပြင်ဆင်ထားသည်ဟု သိရသည်။

ကျိုင်းတုံမြို့အခြေစိုက် ဂုံသျှမ်းပါတီ သို့မဟုတ် ကောင်ဇိုင်းပါတီဟု လူသိများလာသည့် သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကျိုင်းတုံခရိုင်အတွင်း ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားကြောင်း၊ ပြည်နယ်လွှတ်တော် ၂ နေရာ၊ အမျိုးသား လွှတ်တော် တနေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ ယှဉ်ပြိုင်မည်ဟု ပါတီ ဥက္ကဌ ဆရာ စိုင်းဟောင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။

“လွှတ်တော် သုံးရပ်လုံးပြိုင်မယ်။ ကိုယ်စားလှယ်လောင်းကတော့ ၂၅ ရက်နေ့ မှ ဆုံးဖြတ်မယ်။ ဘယ်သူက ဘယ်နေရာ ပြိုင်မလဲ ဆိုတာ။ အခြေအနေ အရအခုက သျှမ်းပါတီ အချင်းချင်းလည်း ပြိုင်ရမှာဘဲ”ဟု ဆရာ စိုင်းဟောင်ခမ်းက ပြောသည်။

ပါတီ စတင်တည်ထောင်စဉ်က သျှမ်းပါတီကြီး နှစ်ခုဖြစ်သည့် ကျားဖြူ နှင့် ကျားခေါင်း မပေါင်းသော ကြောင့် ပါတီ အသစ်တည်ထောင်ရခြင်းဖြစ်သည်ဟု ဆိုသော်လည်း ကျားခေါင်းပါတီအတွက် ပံ့ပိုးသွားဖို့ ရည်ရွယ်သည်ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေက ပြောသည်။ သို့သော် အဆိုပါ ပါတီကြီး များ ထံမှ တုန့်ပြန်မှု မရှိသေးဟု ပြောသည်။

“ကျနော့် သျှမ်းပါတီအချင်းချင်း နားလည်မှုရယူဖို့၊ အပေးအယူလုပ်ဖို့ ကျားဖြူတို့၊ ကျားခေါင်းတို့ကို ဆက်သွယ်တယ်။ ဘာမှ ပြန်ကြားလာတာ မရှိဘူး။ သူတို့လည်း အလုပ်များနေတယ်နဲ့တူတယ်”ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေက ပြောသည်။

ESSDDP သည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တော်တွင် အစိုးရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP၊ ဒေါ်အောင်ဆန် စုကြည်ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့အပြင်၊ လားဟူပါတီ၊ အခါ ပါတီ၊ စပါးနှံပါတီ အမည်ရ တစည တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ NUP တို့ အပြင် သျှမ်းပါတီကြီးများဖြစ်သည့် ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ SNDP၊ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့အချုပ် SNLD တို့နှင့်လည်း ယှဉ်ပြိုင်ရဖွယ် ရှိနေပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် ၂၀၁၅ ဂျွန် ၃ ရက်နေ့က နေပြည်တော်အစိုးရ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံတင် တရားဝင် တင်လျှောက်ထားသည့် ပါတီဖြစ်သည်။

April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...