ကယားပြည်နယ် လွှတ်တော်အတွင်း မီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် ရပြီ

ကယားပြည်နယ် လွှတ်တော်အတွင်း မီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် ရပြီ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်တွင် မနက်ဖြန် ဧပြီလ ၆ရက် ကစပြီး မီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့်ရှိပြီဖြစ်ကြောင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ဧပြီလ ၄ရက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လွှတ်တော်၅နှစ်တာကာလနှင့် ယခုကျင်းပနေဆဲလွှတ်တော်အစည်းအဝေးများတွင် သတင်းရယူခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး ဧပြီလ ၆ ရက်မှ စတင်ကာ မီဒီယာတိုင်းသတင်းရယူခွင့် စတင်ရရှိမည်ဖြစ်သည်။

“မနက်ဖြန်ကစပြီး ဝင်လို့ရပါပြီ’’ ဟု ၄င်းက ပြောသည်။

ထိုသို့ လွှတ်တော်တွင်း သတင်းရယူရာတွင် သတင်းထောက်များ၏ နာမည်စာရင်း၊ ကိုယ်ရေးအချက်အ လက်များ တင်ပြပါက သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး သတင်းဌာနတစ်ခုလျှင် အများဆုံးနှစ်ဦး ခွင့်ပြုမည်ဟု ၄င်းက ပြောသည်။

ယခုလို လွှတ်တော်အတွင်းတွင် မီဒီယာများကို ဝင်ခွင့်ပေးခြင်းအဖြစ် လွှတ်တော်အသံ ပြည်သူ့အသံဖြစ်ရောက်စေပြီး ပြည်သူများ၏အသံကို လွှတ်တော်တွင်းတွင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂ(Union of Karenni State Youth- UKSY)မှ ဦးကျော်ထင်အောင်က ပြောသည်။

“ ပြည်ထောင်စုလွှတ်တော်လို လွှတ်တော် Channel တွေ မရှိတဲ့ကာလမှာ သူတို့လုပ်ကိုင်ဆောင်ရွက်မှုတွေ အရပ်ဖက်အဖွဲ့အစည်းတွေ လက်ရှိဒေသတွင်းမီဒီယာတွေကို ဝင်ရောက်လေ့လာခွင့်ပေးမှသာလျှင် သူတို့ ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို လူထုတွေသိပြီးတော့ ဒီအပေါ်မှာ အားပေးမှုတွေ ဝိုင်းရံမှုတွေ ကိုယ့်ပြည် နယ်နဲ့ လိုက်လျောညီထွေတဲ့ ဥပဒေပြုဖို့အတွက် အထောက်အကူပြုမှုတွေဟာ ဖြစ်ပေါ်လာမှာဖြစ်တယ်” ဟု ၄င်းက ပြောသည်။

လွှတ်တော်များတွင် လွတ်လပ်စွာ သတင်းရယူခွင့်သည် နိုင်ငံရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်ဟု မွန်ပြည်နယ် ချောင်းဆုံမဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက
“မီဒီယာတွေရဲ့အခန်းကဏ္ဍက တော်တော်လေး အရေးပါတဲ့ အခန်းကဏ္ဍဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့လွှတ်တော်က တစ်ခုခုဆွေးနွေးတာတို့ ဘာတို့၊ အစိုးရအဖွဲ့တွေနဲ့ အတိုက်အခံ လုပ်တဲ့ လယ်ယာမြေ ကိစ္စတွေလုပ်ရင် ကျွန်တော့်ရဲ့အားက မီဒီယာပဲ” ဟု ပြောသည်။

မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးများသို့ မီဒီယာများအနေဖြင့် လွတ်လပ်စွာသတင်းရယူခွင့်ရှိကြောင်းကိုလည်း အဆိုပါ ပြည်နယ်လွှတ်တော်များတွင် သတင်းရယူနေသည့် သတင်းထောက်များထံမှသိရသည်။

လွှတ်တော်တွင်း သတင်းရယူခြင်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် မအဲလစ်ဇဘက် “ကျမတို့ပြည်နယ်မှာဆိုရင် သူတို့ဆီမှာ Register လုပ်ပြီးလို့ရှိရင် ဝင်ထွက်လို့ရတယ်၊ ဓာတ်ပုံရိုက်လို့ရတယ်၊ ဗီဒီယိုရိုက်လို့ရတယ် အကုန်အဆင်ပြေပါတယ် ” ဟု ပြောသည်။

ပြည်နယ်တစ်ခုနှင့်တစ်ခုယခုလို လွှတ်တော်အတွင်းသတင်းရယူရန် မတူညီသည်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဆရာဦးမြင့်ကျော်က တိုင်းနှင့်ပြည်နယ်၊ ပြည်ထောင်စုလွှတ်တော်များအားလုံး သတင်းရယူရန် တသမတ်တည်းဖြစ်သင့်ကြောင်း ၊ တစ်နေရာတွင် ပုံစံတစ်ခုဖြစ်ပြီး အချို့နေရာများတွင် အထက်မှ ချုပ်ကိုင်မှုများရှိနေသောကြောင့် သတင်းရယူမှုမှာ ရှေ့နောက်မကိုက်ညီမှုများ ဖြစ်နေကြောင်း ၎င်းတို့လွှတ်တော်အနေနှင့် မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားရန် တာဝန်ရှိကြောင်း သူ၏အမြင်ကို ပြောသည်။

ယခင်က ကယားပြည်နယ်လွှတ်တော်တွင်းတွင် နိုင်ငံပိုင်မီဒီယာ MRTV နှင့် SKY NET ရုပ်သံလိုင်းတို့သာ ဝင်ရောက်သတင်းရယူပိုင်ခွင့် ရှိခဲ့သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...