တောင်ပေါ်သို့ရေသွယ်ယူပေးနိုင်ရန်အတွက် လျှပ်စစ်မီးအခက်အခဲရှိနေသေးကြောင်း ၊ အများသုံး ရေထွက်ပေါက်မှသွယ်ယူပါက ရရှိနိုင်မည်ဖြစ်ကြောင်း ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး နှင့် ရဲထွဋ္ဋ်ကျော်သတ္တုတူးဖေါ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ္ဋ်တင် က ပြောသည်။
“လျှပ်စစ်အများကြီးလိုအပ်ပါတယ်။ အခုလက်ရှိဆိုလည်း အမှတ်(၃) လယ်ဗယ်( level) ရေထွက်ဆိုတာရှိတယ်။ သတ္တုလုပ်ကွက်ကနေ ထွက်လာတဲ့ရေဆိုပေမယ့် မူလရေထွက်ဆိုတာရှိတယ်၊ အဲ့နာမှာက ဘယ်သူ့ကိုမှ သတ္တုဆေးတာတွေ လုပ်လို့မရဘူး။ ဒါပေမယ့် လူပေါင်းစုံလုပ်လို့ မစင်စွန့်တာတွေဘာညာဖြစ်ရင်တော့ မသိဘူးပေါ့လေ။” ဟု ဦးရဲထွဋ်တင်က ပြောသည်။
ယခင်က ခဲသတ္တုတွင်းမှ ထွက်ရှိလာသည့်ရေကို လျှပ်စစ်ဓါတ်အားနှင့် ရေတင်စက်ကိုအသုံးပြုပြီး တောင်ပေါ်သို့ သွယ်ယူအသုံးပြုလျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းရပ်နားလိုက်သည့်အတွက် ရေသွယ်ယူနိုင်ရန် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
သောက်သုံးရေများ သန့်ရှင်းမှုမရှိသည့်အတွက် ခဲဆိပ်ပါဝင်သည့်ရေများကို သောက်သုံးနေကြရသည်ဟု သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများပွင့်လင်းမြင်သာမှုဦးဆောင်အဖွဲ့ (EITI) မှ မော်ချီးဒေသအဖွဲ့ဝင် ဦးဇော်သူရိန်ဝင်း က ယခုကဲ့သို့ ပြောသည်။
သူက “ကျနောတို့ဆီ လာသွားတာ လွန်ခဲ့တဲ့ ၆ လ ရ လတုန်းကပေါ့ စပတ်ထရန်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့ကနေ လာရောက်ပြီးတော့ ဓါတ်ခွဲစမ်းသပ်ခဲ့တာပေါ့လေ။ စမ်းသပ်တဲ့ အထဲမှာ ရေထဲမှာ ခဲဆိပ်ပါဝင်မှုနှုန်းပေါ့ အမှတ်(၃)နဲ့ အမှတ်(၂)မှာ ခဲဆိပ်ပါဝင်နိုင်မှုနှုန်းက ၁.၄ အထိရှိတာပေါ့လေ။ ရိုးရိုးကျနော်တို့ သောက်နေတဲ့ ချောင်းရေက ၀.၉ လောက်ရှိတယ်။” ဟု ပြောသည်။
၂၀၁၅ခုနှစ် အောက်တိုဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွာပြီးနောက်ပိုင်း ဒေသခံတစ်ချို့က ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိလာကြသည်။
မော်ချီးဒေသ (၁၆)ကုန်းရပ်ကွက်မှ ခဲကျင်းလုပ်သား ကိုနေမျိုးသူက “ စိုးရိမ်ပူပန်မှုတွေကတော့ အများကြီးပေါ့။ စသောက်ခါစတော့ သိပ်မသိသာပေမယ့် အရင်တုန်းကလည်း ကျိုချက်ပြီးသောက်တာလည်း မရှိတော့ ကိုယ်တွေမှာ အပြောက်အပြောက်ထလာတာပေါ့ ခဲဆိပ်တွေတက်ပြီး ထလာတာရှိတယ်။ ရောဂါပေါ့၊ ကြာလာတော့ ဆီးထဲမှာ ခဲဆိပ်တက်ပြီး ဆေးရုံတက်ရတာမျိုးရှိတယ်။” ဟု ပြောသည်။
မော်ချီးဒေသ တောင်ပေါ်ရပ်ကွက်များတွင် နေထိုင်လာကြသည့် ဒေသခံအများစုသည် ယခင်ကတည်းကပင် ခဲသတ္တုလုပ်ကွက်မှ ထွက်လာသည့် ရေကိုသာ အသုံပြုနေကြသည်။ ယခင်က အသုံးပြုနေကြသောရေများထဲတွင် ခဲဓါတ်ပါဝင်မှုနှုန်းသည် သတ်မှတ်ထားသည့်နှုန်းထက် ကျော်လွန်နေပြီးဖြစ်သည်ဟု သိရသည်။
မြေပြိုမှုဖြစ်ပွားပြီးနောက်ပိုင်း တောင်ပေါ်ဒေသတွင် ခဲကျင်းများရပ်နားထားပြီး တောင်အောက်မှရေတင်ရန် လျှပ်စစ်မီးအခက်များရှိလာသည့် အတွက်ကြောင့် သန့်ရှင်းသည့်ရေ လုံလုံလောက်လောက်အသုံးပြုနိုင်ရန် ပို၍ အခက်တွေ့နေရခြင်းဖြစ်သည်။
မော်ချီးဒေသမှာ အစိုးရက သတ္တုတွင်းဧရိယာဟု သက်မှတ်ထားသည့် နေရာအတော်တော်များများတွင် ခဲကျင်းလုပ်ငန်းကို အဓိကအားထားမှီခိုပြီး လုပ်ကိုင််နေထိုင်ကြသည့် ဒေသခံအများစုအနေဖြင့် နေ့စဉ်နေထိုင်စားသောက်ရေးအတွက် ယခင်ကတည်းကပင် ယခုအချိန်ထိ အမှတ်(၄)၊အမှတ်(၃) အစရှိသည့် ခဲသတ္တုလုပ်ကွက်မှ ထွက်ရှိသည် ရေကိုသာအသုံးပြုနေကြရသည်။
၂၀၁၄ ခုနှစ် ကယားပြည်နယ် သန်းခေါင်စာရင်းအစီရင်ခံစာအရ အဓိကသုံးသည့်ရေအမျိုးအစား အလိုက်ထဲတွင် ဖားဆောင်းမြို့နယ်အတွင်း၌ သောက်သုံးရေနှင့်သုံးစွဲရေကို ရေပိုက်လိုင်းမှ အများဆုံးရရှိသည်ဟုသိရသည်။
၎င်းရေပိုက်လိုင်းကို စိမ့်စမ်းရေထွက်ပေါက်အများဆုံးရှိသည့် ခဲသတ္တုတွင်းများထဲမှတဆင့် သွယ်ယူထားခြင်းဖြစ်သည်။







