လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ထေးသမ ရပ်ကွက်ရှိ တာဝါတိုင်သည် နောက်ထပ်ဆူညံသံမဖြစ်ပေါ်စေသည့် နည်းလမ်းများနှင့် ဆက်လက်ဆောင်ရွက်ခွင့်ရရန် ဆက်သွယ်ရေးတာဝါတိုင်မှ တာဝန်ရှိသူများနှင့် ဒေသခံတို့က ဖေဖော်ဝါရီလ ရရက်နေ့ ထေးသမရပ်ကွက်တွင် နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
“အစ်ကိုတို့ပြောတဲ့တုန်ခါမှုတွေ မှန်သမျှအကုန်ဖယ်ပေးမယ်။ ဒါပေမဲ့ ကျမတို့လိုအပ်တဲ့ အချိန်က မီးစက်ဖယ်ဖို့က အနည်းဆုံးဆယ်ရက်လိုမယ်။ တကယ်လို့ခွင့်ပြုလို့ တွယ်ခွင့်ပေးမယ်ဆိုရင် တစ်လပေါ့ အဲ့တွင်းမှာ ဘာအသံမှမကြားစေရဘူး။ တခြားသူတွေကိုမယုံကြည်ဘူး ကိုယ်တိုင်လာနေပေးဆိုလည်း လာနေပေးမယ်။ ကျမတို့ကိုယ်တိုင်ကို ဒီမှာရှိနေပေးမှာ” ဟု Project Manager မမေဇင်ဝင့် ကပြောသည်။
ထေးသမရပ်ကွက်တွင် အော်ရီဒူးတာဝါတိုင်သည် မီးစက်မှ ထွက်လာသည့် ဆူညံသံများကြောင့် အနီးအနားရှိ ဒေသခံများကို အနှောက်အယှက်ဖြစ်စေသည့်အတွက် ယခုလို အမျိုးမျိုး တောင်းဆိုရခြင်းဖြစ်သည်ဟု ထေးသမရွာမှ ဦးဖရေးရယ်က ပြောသည်။
“ကျနော်တို့လူထုတွေက ခဏခဏတင်ပြတယ်။ တအားနားငြီးတယ်၊ လုပ်ပေးပါလို့ တင်ပြတာ အခါပေါင်းမနည်းဘူး။ လုပ်ပေးမယ်ပြောတာလည်း စကားပဲရှိတယ် ထိေရောက်တဲ့အလုပ်မရှှိတော့ ကျနော်တို့လူတွေကဒေါသထွက်လာပြီလေး ” ဟု သူကပြောသည်။
ဘောလခဲမြို့ ရှမ်းတောင်ပိုင်းရပ်ကွက်၊ ကွက်သစ်ရှိ လူနေအိမ်များအကြား တည်ဆောက်ထားသော တယ်လီနော တာဝါတိုင်အား လူနေအိမ်များနှင့် ဝေးသည့်နေရာတွင်ပြောင်းလဲ တည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
ရှမ်းတောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်ဝင်းက “ဦးကတစ်နေ့လုပ်တစ်နေ့စားနေရတာ ကျန်းမာရေးကလည်းမကောင်းဘူး။ အလုပ်ကပြန်လာရင် မနားရဘူး ဒီစက်သံကြီးနဲ့ တစ်ညလုံးအိပ်လို့မရ ရက်တွေကြာလာတော့ ပိုဆိုးတာပေါ့။ ဆေးတွေလည်းသောက်နေရတယ်။ လူတွေနဲ့နီးတဲ့နေရာမှာကို မထားသင့်တာ ဦးကတော့ ရွှေ့ပေးစေချင်တယ် ရွှေ့ပေးဖို့ တာဝန်ရှိသူတွေကို တောင်ဆိုချင်တယ် ”ဟု ပြောသည်။
ကယားပြည်နယ်အတွင်းတွင်တွေ့ရသည့် မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်များနှင့် ပုဂ္ဂလိကတာဝါတိုင်များသည် ခြားနားလျက်ရှိသည်မှာ မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်တွင် လျှပ်စစ်မီးဖြင့်အသုံးပြုနိုင်ရန် ထရန်စဖောမာများဖြင့် တပ်ဆင်ထားနိုင်ပြီး ပုဂ္ဂလိက တာဝါတိုင်များတွင် မီးစက်ဖြင့် တပ်ဆင်အသုံးပြုနေရခြင်း တို့ပင်ဖြစ်သည်။
ထို့ကြောင့် လွိုင်ကော်မြို့နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ ဘောလခဲမြို့နယ် အသီးသီးရှိ တယ်လီနောတာဝါတိုင်များ ၊ အော်ရီဒူး တာဝါတိုင်များသည် မီးစက်၏ တုန်ခါမှု ၊ ဆူညံသံမှုများကြောင့် ဒေသခံလူထုများက ကန့်ကွက်နေကြသည့် ဖြစ်ရပ်များ ကြံုတွေ့နေကြရသည်။







