ကယား(ကရင်နီ)ပြည်နယ်တွင်း ရေကာတာအသစ်စီမံကိန်း စတင်စမ်းသပ်နေ

ကယား(ကရင်နီ)ပြည်နယ်တွင်း ရေကာတာအသစ်စီမံကိန်း စတင်စမ်းသပ်နေ
by -
ကန္တရဝတီတိုင်း (မ်)
လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် ကယား(ကရင်နီ)ပြည်နယ်အတွင်း ရေကာတာစီမံကိန်းအသစ်တစ်ခု တည်ဆောက်နိုင်ရေး စတင်စမ်းသပ် စီစဉ်လျက်ရှိနေသည်ဟု သိရသည်။

၎င်းတည်ဆောက်မည့်နေရာမှာ ကယားပြည်နယ် ဘောလခဲမြို့နယ် ဟော်ခမ်းကျေးရွာ အနီး (၁)မိုင်ခန့်အကွာရှိ နမ့်ပွန်ချောင်း (ပွန်ချောင်း)ပေါ်တွင် ၎င်းရေကာတာစိစစ်စီမံကိန်းနှင့် ရေကျော်ဆည်(Low Overflow Weir) ရေအားလျှပ်စစ်စီမံကိန်းများအတွက် ရှေ့ပြေးတိုင်းတာမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု သိရသည်။

ယင်းစီမံကိန်းအတွက် မြေပြင်ဘူမိဗေဒတိုင်းတာခြင်းကို GTS (Golden Tri Star Co.,Ltd)ကုမ္ပဏီက စတင်ကွင်းဆင်းဆောင်ရွက်နေပြီး နောက်ပိုင်းထွက်လာမည့်ရလဒ်အပေါ် အခြေခံပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန်သင့်မသင့်ကို ပညာရှင်များက စစ်ဆေးပြီးဆုံးဖြတ်သွားမည်ဟု GTS (Golden Tri Star Co.,Ltd) ကုမ္ပဏီ တာဝန်ခံ ဦးနောင်နောင်က ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

̏ ကျနော်တို့က လာစမ်းမယ် တူးကြည့်မယ် ထွက်လာတဲ့ ရလာတဲ့ Result(ရလဒ်) တွေကို စုပြီးတော့ သူတို့ (စီမံကိန်းနှင့် ပတ်သက်သည့်တာဝန်ရှိသူ) တွေကို သွားပေးလိုက်မယ်၊ သူတို့ကြိုက်တယ်မကြိုက်ဘူး ဆောက်လို့ရတယ် မရဘူးဆိုတာကို သူတို့ပညာရှင်တွေနဲ့ ဆုံးဖြတ်မယ်ပေါ့။” ဟု ပြောသည်။

ဘူမိဗေဒ အခေါ် Depth of Drilling Holes ကို စက်များဖြင့်တူးဖေါ်ပြီး မြေသား၊ ကျောက် နမူနာများကို ပထမအဆင့်အနေဖြင့် ရယူရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဘီလူးချောင်းအမှတ်(၃) စက်ရုံအနီး နမ့်ပွန်ချောင်းတလျှောက် သင့်တော်အဆင်ပြေမည့် နေရာတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး အတွက် တည်ဆောက်ခွင့်ပြုနိုင်ပါရန်နှင့် စီမံကိန်းတည်နေရာအနီး လိုအပ်သည့် စူးစမ်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် MOU (နားလည်မှုစာချွန်လွှာ)ရေးထိုးခွင့်ပြုရန် Hight Tech Construction Trust Co.,Ltd မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ၂၀၁၄ စက်တင်ဘာလက ခွင့်ပြုချက်ရယူခဲ့ပြီးဖြစ်သည်ဟု သိရသည်။

စီမံကိန်းတည်ဆောက်ရန်ဆုံဖြတ်မည်ဆိုပါက ကုမ္ပဏီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများကို တွေ့ဆုံဆွေးနွေပြီး ညှိနှိုင်းသွား မည်ဟု ဦးနောင်နောင်က ဆက်ပြောသည်။

စတင်စမ်းသပ်မှု မပြုလုပ်မည်မှာပင် စီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့ကို ပွင့်လင်းမြင်သာစွာ ချပြပြီး ဆောင်ရွက်စေလိုသည်ဟု စီမံကိန်းတည်ဆောက်ရန် လျာထားသည့် နေရာအနီးဆုံးကျေးရွာဖြစ်သော ဟော်ခမ်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ကိုနိုင်ဝင်းထက်က ဇန်နဝါရီ ၂၈ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

သူက ̏ သူတို့တွေ အခုလို့ ရေကာတာဆောက်ဖို့အတွက် လာရောက်တိုင်းတာနေတာကို တွေ့နေရတယ်ပေါ့လေ။သူတို့တွေ တကယ်လုပ်မယ်ဆိုရင် သူတို့ဘယ်လိုမျိုး ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းချပြမှာလဲဆိုတာ ဒီရေကာတာရဲ့ဆိုးကျိုး၊ ကောင်းကျိုးတွေကို ကျနော်တို့ကို ဘယ်လိုရှင်းပြမှာလဲဆိုတာ ပွင့်ပွင့်လင်းလင်းသိချင်တယ်။ အခုစပြီးတော့ မဆောက်ခင်ကတည်းက ကြိုပြီးသိထားရင် ပိုကောင်းတာပေါ့ နောက်ကျမှသိရရင် ဘာမှမကောင်းဘူးပေါ့ ” ဟု ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဘောလခဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝကို သွားရောက်မေးမြန်းခဲ့ရာ ၎င်းက ̏ သူတို့က ပရောဂျက်ကြီးစဖို့ဟာကတော့ ကျနော်တို့ဆီ အသိပေးတဲ့စာကတော့ မလာသေးဘူး။ သူတို့ရေသွားနှုန်းတို့ ပရီဆာဗေး( Pre-survey) ဆင်းမယ့်ဟာလေးတွေကတော့ နိုင်ငံခြားသားပါတဲ့ဟာ ခေါတ်တုန့်ခေါက်ပြန် သွားလာနေတာတော့ ရှိတယ်။ လုပ်မယ် အတည်ပြုမယ်ဆိုတဲ့ ဟာတွေကတော့ မလာသေးဘူး” ဟု ၎င်းကပြောသည်။

သံလွင်မြစ်ပေါ်ရှိ ရွာသစ်ရေကာတာတည်ဆောက်ရေးအတွက် စီမံကိန်းကိုလည်း စမ်းသပ်တိုင်းသာခြင်းများပြုလုပ်ခြင်းနှင့် ရေအားလျှပ်စစ်စီမံကိန်းနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများသည် မကြာခဏလာရောက်စမ်းသပ်တိုင်းတာခြင်းများ ပြုလုပ်နေကြသော်လည်း အသေစိတ်အချက်အလက်များကို ဇန်နဝါရီလ ၂၉ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဒေသခံလူထုသို့ လာရောက်ချပြဆွေးနွေးခြင်းများ မရှိသေးဟု သိရသည်။

စစ်အစိုးရလက်ထက်ကပင် ကယားပြည်နယ်အတွင်းတွင် ရေကာတာတည်ဆောက်ရန်အတွက် ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာအနီးတွင် သံလွင်မြစ်ပေါ် လျှပ်စစ်ဓါတ်အား ၆၀၀ မီဂါဝပ်နှင့် ဘောလခဲမြို့နယ် စောလိုဟောခမ်းအနီး ပွန်ချောင်းပေါ် လျှပ်စစ်ဓါတ်အား ၁၃၀ မီဂါဝပ် နှင့် လွိုင်ကော်မြို့နယ် မြောက်ပိုင်းရှိ သဖက်ချောင်းပေါ် လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါဝပ် ထုတ်လုပ်ရန် ရှိနေသည်။

ဘီလူးချောင်းရေအားလျှပ်စစ် အမှတ် ၁ မှ ၂၈ မဂ္ဂါဝပ်၊ အမှတ် (၂ )မှ ၁၆၈ မီဂ္ဂါဝပ် ၊ အမှတ် (၃)မှ ၅၂ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိရာ ၎င်း၏လျှပ်စစ်မီးထုတ်လုပ်မှု ၅ ရာခိုင်နှုန်းခန့်သာ ကယားပြည်နယ်အတွက် ရရှိသည်ဟု သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...