ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ စာဖတ်အားမြင့်မားလာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းဆရာ/မများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ၊ စိုးညွန့်ဝေ (လွိုင်ကော်) ၊ ကာတွန်းမျိုးကြီးတို့ကိုု ဖိတ်ခေါ်၍ ကျောင်းသားများအတွက် စာပေဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
“စာဖတ်ရှိန်မြင့်တင်ရေး အဓိက စာများများဖတ်ဖို့၊ စာဖတ်ဖို့ဆိုတာ ကျောင်းစာတွေအပြင် ပြင်ပဗဟုသုတတွေကိုလည်း ရှာဖွေဖို့လို တာပေါ့နော။ ဒါမှ သူတို့ဘဝဖြတ်သန်းမှု အများကြီးအထောက်အကူပြုတယ်။ အဓိက ကတော့ အခုခေတ်လူငယ်တွေအတွက် စာဖတ်ဖို့ရည်ရွယ်ပြီးတော့ ဟောပြောဖြစ်တယ်ပေါ့ ” ဟု ကာတွန်းဆရာ မျိုးကြီးက ပြောသည်။
အဓိက ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် ယခုခေတ်လူငယ်များသည် ရွေးချယ်စရာ ရုပ်ဝတ္ထုများ များပြားနေသောကြောင့် စာပေဘက်တွင် အားနည်းလာကြောင်း ၊နည်းပညာနောက်ကိုသာ လိုက်နေကြသည့်အတွက် ယခင်ခေတ်လူငယ်များလို စာမဖတ်ကြတော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့မှာ အသိပညာဗဟုသုတ နည်းလာကြပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင် သည့် အရည်အချင်းများ နည်းပါးလာကြောင်း ဆရာမျိုးကြီးက ဆက်ပြောသည်။
စာရေးဆရာချစ်နိုင်(စိတ်ပညာ)ကလည်း ကျောင်းသူ/သားများ ကျောင်းစာအပြင် စာကြည့်တိုက်တွင် ပြင်ပဗဟုသုတ ရှာဖွေရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)က “ကျောင်းသူ/သားတွေက ကျောင်းစာကြည့်တိုက်မှာ စာဖတ်အားနည်းနေတယ်၊ ကျောင်းဆရာ/မတွေကလည်း ကျောင်းမှာ အချိန်ပေးမှုနည်းနေတယ် ၊ကျောင်းသင်ရိုးထဲမှာလည်း စာဖတ်ဖို့အချိန် အတိအကျမရှိဘူး၊ ရိုးရိုးအချိန်ဆိုရင်လည်း စာဖတ်အားနည်းနေကြတယ်။ ပြင်ပဗဟုသုတတွေ ၊ဗဟုသုတစာပေတွေ ဒါတွေဖတ်မှသာလျှင် ကျောင်းစာအပြင် ဗဟုသုတတွေလည်း ရှိမှာပေါ့နော ” ဟု ပြောကြားခဲ့သည်။
စာရေးဆရာ စိုးညွန့်ဝေ(လွိုင်ကော်)က စာဖတ်ရှိန်မြှင့်တင်ရေးဟူသည့် ခေါင်းစဉ်တည်းက ကျောင်းသားများ စာဖတ်ရေးမှာ နိမ့်ကျနေသေးခြင်းဖြစ်ကြောင်း စာရေးဆရာတို့က အဖက်ဖက်ကနေ ပံ့ပိုးကြမည်ဟူသည့် ရည်ရွယ်ချက်နှင့် စာပေအကြောင်း ဟောပြောသွားကြောင်း ပြောသည်။
စာရေးဆရာ စိုးညွန့်ဝေက ကျောင်းသူ/သားများ စာဖတ်အားနိမ့်ကျနေရသည့် အကြောင်းအရင်းကိုလည်း ဤသို့ ပြောသွားသည်။
“ နိမ့်ကျတယ်ဆိုတာကလည်း ကျောင်းသူကျောင်းသားတွေကို ကျောင်းစာကြည့်တိုက် အသုံးချတတ်အောင် မသင်ပေးဘူး၊ နောက် ကျောင်းစာကြည်တိုက်တွေက ဖုန်တွေတက်နေတယ်၊ ပြောရရင် ကျောင်းစာကြည့်တိုက်တွေက စာသချိင်္ုင်းဖြစ်နေတယ် ။ စာသချိင်္ုင်းဆိုတာ အမြဲတမ်းမနိုးထလာဘူး၊ သော့ခတ်ပြီးတော့ သဂြိုဟ်ထားတာ” ဟု ပြောသည်။
ထို့ကြောင့် “အဲ့ဒီကျောင်းစာကြည့်တိုက်ကနေ အဓိက စာကြည့်တိုက်ဖြစ်မလာတော့ဘူး။ ကျောင်းသူကျောင်းသားတွေကို ကျောင်းစာကြည့်တိုက်ထဲမှာ မဝင်မနေရ၊ မဖတ်မနေရဆိုပြီးတော့မှ အဲ့စနစ်မျိုးကို မပြဌာန်းနိုင်သရွေ့ စာဖတ်ခြင်းဟာ နိမ့်ကျနေဦးမှာပဲ” ဟု စာဖတ်ရှိန်နိမ့်ကျရခြင်း၏ အကြောင်းရင်းကို ဆက်လက်ပြောသွားသည်။
မိဘများအနေဖြင့်လည်း ကလေးကို ဟန်းဖုန်းတစ်လုံးဝယ်ပေးခြင်းထက် စာအုပ်တစ်အုပ်ဝယ်ပေးခြင်း၊ အကျီင်္တစ်ထည်ဝယ်ပေးခြင်းထက် ကာတွန်းစာအုပ်တစ်အုပ်ဝယ်ပေးခြင်းဖြင့် စာဖတ်ခြင်းကို လေ့ကျင့်ပေးသင့်ကြောင်း စာရေးဆရာ စိုးညွန့်ဝေ(လွိုင်ကော်)က ပြောသည်။
စာပေဟောပြောပွဲကို တက်ရောက်လာသူ အ.ထ.က ဒေါငံခါးကျောင်းမှ ကျောင်းသူမဂျူးလိယက်က “ကျွန်မအခုလို လာနားထောင်ရတဲ့အတွက် စိတ်ဓာတ်ကိုမြင့်မားလာစေတယ်၊ ပြီးတော့ စာကြိုးစားချင်တဲ့စိတ်လည်း ဖြစ်ပေါ်စေတယ်၊ တစ်ခါမှ နားမထောင်ဖူးဘူး။ နောက်ကျရင် ရှိရင်လည်း ထပ်ပြီးတက်ရောက်နားထောင်ချင်ပါသေးတယ်” ဟု ပြောသွားခဲ့သည်။
၎င်းစာပေဟောပြောပွဲကို ဒီးမော့ဆိုမြို့နယ်တွင်ရှိသော အထက်တန်းကျောင်းပေါင်း ၄ ကျောင်း အ.ထ.က ဒီးမော့ဆို၊ ဒေါငံခါး၊ ဒေါတမငယ်၊ ငွေတောင်ကျောင်းမှ ကျောင်းသူ/သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။







