ကယားပြည်နယ်ရှိ မြေပဲစိုက်တောင်သူများ နှစ်စဉ်အရှုံးပေါ်

ကယားပြည်နယ်ရှိ မြေပဲစိုက်တောင်သူများ နှစ်စဉ်အရှုံးပေါ်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ မြေပဲစိုက်ပျိုးသော ကျေးရွားများရှိ တောင်သူများသည် နှစ်စဉ်အရှုံးပေါ်လျက်ရှိပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ အရှုံးပေါ်နေသည်ဟု မြေပဲစိုက်တောင်သူများက ပြောဆိုနေကြသည်။

ယခင်နှစ်က ရာသီဥတုဆိုးရွားမှုကြောင့် မြေပဲစိုက်ပျိုးရာတွင် အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်တွင်လည်း ရာသီဥတုမမှန် သလို မြေပဲရောင်းရန်အတွက် ပွဲစားများမှပေးသော စျေးမှာ အလွန်နည်းနေသဖြင့် စိုက်ပျိုးစရိတ်နှင့် ပြန်လည်ရရှိသည့် ပမာဏမှာလည်း အလွန်နည်းပါးသောကြောင့် ယခုနှစ်တွင် ထပ်မံ၍ အရှုံးပေါ်နေသည်ဟု ဖရူဆိုမြို့နယ် လောဂျာကျေး ရွာမှ မြေပဲစိုက်တောင်သူ ဒေါ်လိမြာက ပြောသည်။

“အဓိက ကတော့ ဒီနှစ်ဆိုရာသီဥတုက မမှန်ဘူး။ ရတဲ့မြေပဲကို ရောင်းတဲ့ချိန်မှာ ဝယ်တဲ့သူတွေပေးတဲ့ စျေးက ကျမတို့ စိုက်တဲ့အရင်းတောင် ပြန်မရဘူး။ အရမ်းရှံုးတယ်၊ မစိုက်ရင်လည်းမရဘူးလေ။ မိသားစု စားဝတ်နေရေး၊ ကလေးကျောင်း စရိတ်တွေ ဒါနဲ့ပဲရပ်တည်နေရတယ်လေ။ ရှံုးတာတော့ နှစ်နှစ်ရှိပြီ” ဟု ဇန်နဝါရီလ ၂၀ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

မြေပဲစိုက်ပျိုးမှုမှာ ယခင်က အထွက်နှုန်းကောင်းသော်လည်း ၂၀၁၁ ခုနှစ်က အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်အတွက် လောဂျာကျေးရွာရှိ တောင်ယာစိုက်ပျိုးမြေများကို သိမ်းဆည်းခဲ့သောကြောင့် အခြားဝေးလံသော နေရာများတွင် တောင်ယာအသစ်များ ပြန်လည်ပြုလုပ်၍ စိုက်ပျိုးရသောကြောင့် မြေပဲ အထွက်နှုန်းသည်လည်း ထင်သလောက် မထွက်တော့သလို သီးနှံရောင်းရသည့် စျေးနှုန်းများမှာလည်း အလွန်နည်းပါးသောကြောင့် အရှံုးပေါ်နေရသည်ဟု လောဂျာ ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးပလျားရယ် ကပြောသည်။

“တပ်က တောင်ယာတွေကို သိမ်းသွားပြီးတဲ့နောက်ပိုင်းမှာ တောင်ချိုတောင်ကြားတွေထဲ ရှာစိုက်ရတယ်။ အထွက်နှုန်းက လုံးဝမကောင်းတော့ဘူး။ အရင်ကဆို ကောင်းတယ်။ ကျနော့်မြေဆို အများဆုံး ထွက်တဲ့အထဲမှာပါတယ်။ အသိမ်းခံရတာ ဧက(၃၀)လောက်ပါတယ်။ ခုဆို အထွက်လည်းမကောင်း စျေးလည်းမကောင်းတော့ ရှုံးတာပေါ့ ” ဟု ပြောသည်။

၂ နှစ်ဆက်တိုက် ရာသီဥတု မမှန်သောကြောင့် မြေပဲအထွက်နှုန်း မကောင်းသလို ပေါက်စျေးမှာလည်း နည်းသောကြောင့် အရှုံးပေါ်နေသည်ဟု ဖရူဆိုမြို့နယ် ထားလဲကျေးရွာ ဥက္ကဌ ဦးထွန်းရယ်က ပြောသည်။

“တကယ်တော့ စျေးကွက်ရှိရင် နည်းနည်းပိုအဆင်ပြေမှာ။ ကျနော်တို့က ပွဲစားတွေ လာပေးတဲ့စျေးပဲ ရောင်းရတာ၊ စျေးကတော့ သူတို့ပေးတာပေါ့။ အစိုးရအနေနဲ့ စျေးကွက်ဝင်အောင် လုပ်ပေးနိုင်ရင်တော့ မဆိုးဘူး။ အခုက ရောင်းရတာနဲ့ စိုက်ပျိုးစရိတ်က မကိုက်ဘူးလေ။ ဒီမှာကလူအားနဲ့ပဲ လုပ်တယ်၊ စက်နဲ့လုပ်ရင်တော့ အထွက်ကောင်းမယ်ထင်တယ် ”ဟုပြောသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ လောဂျာကျေးရွာ၊ မာခရောရှေ့ကျေးရွာ၊ ထားလဲကျေးရွာ မြေပဲကို အဓိကထား စိုက်ပျိုးကြသည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ မြေပဲစိုက်ပျိုးသော ကျေးရွာများဖြစ်သည့် ဒေါတမကြီး၊ ဒေါးညေးခူ၊ ထီးဖိုးကလိုး ကျေးရွာအုပ်စု စသည့် မြေပဲစိုက်တောင်သူများမှာ ယခင်နှစ်က အရှုံးနည်းသော်လည်း ယခုနှစ်တွင်မူ ရာသီဥတုနှင့် ကြွက်ဖျက်ဆီးသောကြောင့် အရှုံးများနေကြောင်း တောင်သူများက ပြောသည်။

ထီးဖိုးကလိုးကျေးရွာ အုပ်စုမှ မြေပဲစိုက် တောင်သူတစ်ဦးက “ဒီမှာက အရင်နှစ်ကတော့ မဆိုးဘူး။ ဒီနှစ်ကတော့ ရာသီဥတုဖျက်တာရယ်၊ ကြွက်တွေဝင်ဖျက်ကုန်တယ်၊ အဲ့ဒါတွေကြောင့် ဒီနှစ်တော့ အရှုံးတယ်” ဟု ပြောသည်။

ယခင်နှစ်က ဖရူဆိုမြို့နယ်မှာတော့ မြေပဲပေါက်စျေးမှာ တစ်ပိသာ(၁၀၀၀)စျေးသာ ရှိခဲ့ပြီး ယခုနှစ်မှာတော့ အခွံခွာပြီးသား မြေပဲ တစ်ပိသာ (၁၉၅၀)သာပေါက်ကာ ဒီးမော့ဆိုမြို့နယ်မှာတော့ ယခင်နှစ်က (၂၀၀၀)ကျော် စျေးပေါက်ပြီး ယခုနှစ်မှာတော့ (၂၀၀၀)လောက်သာ စျေးပေါက်နေသောကြောင့် တောင်သူများ၏ စိုက်ပျိုးစရိတ်နှင့် ပြန်တွက်ပါက အရှုံးသာများနေသည်ဟု မြေပဲ စိုက်တောင်သူများက ပြောဆိုကြသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...