ရေရှည်သန့်ရှင်းရေးနှင့် ဘေးကင်းစွာ အပန်းဖြေနိုင်ရန် ကျုံထော်ရေတံခွန်ကို စီမံမှုအသစ်များ ပြင်ဆင်ဆောင်ရွက်

ရေရှည်သန့်ရှင်းရေးနှင့် ဘေးကင်းစွာ အပန်းဖြေနိုင်ရန် ကျုံထော်ရေတံခွန်ကို စီမံမှုအသစ်များ ပြင်ဆင်ဆောင်ရွက်
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျုံထော်ရေတံခွန် ရေရှည် သန့်ရှင်းသာယာလှပစေရေးနှင့် အများပြည်သူ ဘေးကင်း စွာ လာရောက်အပန်းဖြေနိုင်ရေးအတွက် ရေတံခွန်ဆရာတော်နှင့် ပြည်နယ်တွင်းရှိ သဘာဝပတ်ဝန်းကျင် ဆိုင်ရာအစုအဖွဲ့များ ဦးဆောင်ကာ အစီအမံအသစ်များဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျုံထော် ရေတံခွန်ကျောင်း ဆရာတော် ဥူး(ဦး)ခေမ္မိဓ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ပြည်နယ် တွင်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တတ်သိပညာရှင်များနှင့် စုပေါင်းတိုင်ပင်ပြီး ယခင်နေရာထိုင်ခင်းများနှင့် ဆိုင်ခန်းများ၊ ပတ် ဝန်းကျင် အမှိုက်သရိုက်များ ရှင်းလင်းကာ အမှိုက်ပုံးများနှင့် သန့်စင်ခန်းများ စနစ်တကျဖြစ်အောင် ပြန်လည်လုပ်ဆောင်နေခြင်း ဖြစ်သည်။

 “အခုလမ်းတွေ အသစ်ပြန်ဖောက်တယ်။ ရေတံခွန်နဲ့က တစ်ဖာလုံခွဲ လောက် ဝေးတယ်။ အဲဒီမှာ ကားတွေရပ်ထားခဲ့ပြီးတော့ တောလမ်းလေးအတိုင်း လမ်းလျှောက် ရေချောင်းအတိုင်းပေါ့။ အမှိုက် လည်း စနစ်တကျပစ်ပေါ့။ အဲဒီလို အစီအစဉ်လေးတွေ ပြန်လုပ်ထားပေးတယ်”ဟု ကျုံထော်ရေတံခွန် ကားရပ်နားစခန်းတာဝန်ခံ စောဒီမိုးက ကေအိုင်စီသို့ ပြောသည်။

ရေတံခွန် အပြင်အဆင်သစ်များအဖြစ် စျေးဆိုင်ခန်းများအား ရေတံခွန်နှင့် တစ်ဖာလုံခွဲနေရာတွင် ဆိုင်ခန်းပေါင်း ရ၀ နေရာချ ထားကာ စနစ်တကျ ရောင်းချစေခြင်း၊ ကားရပ်နားစခန်းမှ ၁၅မိနစ်ခန့် ရေတံခွန်ချောင်းရိုးအတိုင်း ရေတံခွန်ငယ်များအကြား ဖြတ်သန်းသွားလာစေခြင်းဖြင့် ရေမြေတောတောင်အလှကို ခံစားကြည့်ရှုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ထို့အပြင် လာရောက်လည်ပတ်သူများ ဘေးကင်းရှင်းရေးအတွက် လုံခြံုရေးအဖွဲ့များထားရှိခြင်း၊ သန့်ရှင်းရေးအဖွဲ့များ ထားရှိပေး ခြင်းအပြင် လိုအပ်သည့် အကူအညီများပေးနိုင်ရေးအတွက် ၀န်ဆောင်မှုပေးရေးဝန်ထမ်းများ ထားရှိသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးနေသူ စောမြင့်ဇော်က ပြောသည်။

 “အရင်က အမှိုက်တွေကြောင့် ညစ်ပတ်နေတယ်။ အခု အားလုံးကို သန့်ရှင်းအောင် ရေရှည်တည်တံ့အောင် ကျနော်တို့ ဒေသခံတွေနဲ့အတူ လုပ်ဆောင်ထားတယ်။ ရေတံခွန်ကို လာလည်ကြပါ။ ပြည်နယ်သား ကျနော်တို့အနေနဲ့ ရေတံခွန် ရေရှည် တည်တ့ံအောင် ဆက်ပြီး လုပ်ဆောင်ပေးနေမှာပါ”ဟု ၎င်းက ဆိုသည်။

ကျုံထော်ရေတံခွန်သည် ကရင်ပြည်နယ်၏ နာမည်ကြီး သဘာဝရေတံခွန်တစ်ခုဖြစ်ပြီး ၂၀၁၆ခုနှစ်၊ စက်တင်ဘာလက ဒေသ တွင်း လက်နက်ကိုင်တိုက်ပွဲများကြောင့် သွားလာခွင့် ပိတ်ပင်ထားခဲ့ရာမှ တိုက်ပွဲများ ကင်းစင်ပြီး နယ်မြေအေးချမ်းလာပြီဖြစ်၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...