ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ (၉ လွှာ)၌ ယမန်နေ့ ညနေ ၃နာရီခွဲမှ ၅နာရီခွဲအထိ ပြုလုပ်သည့် မင်းသမီး Tesneem အား ပြည်တွင်းရှိ ကရင်အနုပညာရှင်များက ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတွင် သူမက ထိုသို့ ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
“ကျမအနေနဲ့ ငယ်စဉ်ကတည်းက ကရင်အမျိုးသားဖခင်ဖြစ်သူရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေကို စိတ်ဝင် စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကစပြီး သြစတြေးလျား၊ ဆစ်ဒနီမြို့မှာ လုပ်ခဲ့တဲ့ ကရင် နှစ်သစ်ကူးပွဲတွေကို အင်္ဂလိပ်လို အခမ်းအနားမှူး လုပ်ခဲ့ရပါတယ်။ အဲ့ဒီထဲက ကျမ မှတ်တမ်းတင် ရိုက်ကူးတာ စလုပ်ခဲ့ပါတယ်။ အခုလည်း နယ်စပ်နဲ့ ပြည်တွင်းက နှစ်သစ်ကူးပွဲတော် နဲ့ ယဉ်ကျေးမှု ဆိုင်ရာတွေကို မှတ်တမ်းတင်ရိုက်ကူးသွားမှာပါ။ လာမဲ့နှစ်မှာ ဒီမှတ်တမ်းရုပ်ရှင်ကို ပြီးစီးဖို့ မျှော်လင့်ထားတယ်”ဟု သူမက ပြောသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို သြစတြေးလျားရှိ တီဗီရုပ်သံလိုင်း တစ်ခုခု သို့မဟုတ် အွန်လိုင်းမှတဆင့် ထုတ်လွှင့်သွားရန် ရည် ရွယ်ထားသည့်အပြင် သူမအနေဖြင့် သြစတြေးလျားတွင် အောင်မြင်မှု ရထားပြီးဖြစ်၍ အနာဂတ်တွင် အမေရိကန် ဟော်လိဝုဒ် ရုပ်ရှင်လောကသို့ သွားရောက်လုပ်ကိုင်ရန် ဆန္ဒရှိသလို မြန်မာပြည်တွင်လည်း အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်အား ထက်သန်ကြောင်း Tesneem Roc က ဆက်ပြောသည်။
မင်းသမီး Tesneem Roc အား ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်ရှိ ကရင်အနုပညာရှင် ဟက်ကက်က “သူဟာ အနုပညာရှင်တဦးဖြစ်တယ်။ နောက်ပြီး သူမက ဖခင်ကရင်အမျိုးသားနဲ့ မိခင် စကော့ဒစ်ရှ်လူမျိုးက မွေးဖွားလာတဲ့ မြန်မာနွယ်ဖွား တစ်ဦးလည်း ဖြစ်တော့ သူ့ကို ကရင်အနုပညာရှင်တစ်ဦးလို့ ခံယူတယ်။ ဒီတော့ ပြည်တွင်းကို ရောက်နေတဲ့အချိန် ကျနော်တို့ ကရင်အနုပညာရှင်တွေက ဂုဏ်ပြုကြိုဆိုပွဲလေး အခုလို လုပ်ပေးတာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါကြိုဆိုဂုဏ်ပြုပွဲသို့ ကရင်အနုပညာရှင်များဖြစ်ကြသည့် ဟက်ကက်၊ ကဗျာဘွဲ့မှူး၊ စောအောင်မျိုး၊ စကောကရင် တေးသံရှင် သက်မြတ်နိုး စသည့် ကရင်အနုပညာရှင်များ အပါအဝင် သတင်းမီဒီယာများ စုစုပေါင်း ၃၀ ဦးခန် ့တက်ရောက်ခဲ့ကြသည်။
မြန်မာပြည်သို့ အလည်အပတ်ရောက်ရှိနေသည့် ရုပ်ရှင်မင်းသမီး Tasneem သည် ဖခင်ဖြစ်သူ ဆွေမျိုးများရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့နယ်နှင့် ကရင်ပြည်နယ် ဖားအံမြို့၊ ဖာပွန်မြို့နယ်အတွင်းရှိ ဒေါက်တာတီသံပြာ တက္ကသိုလ်နှင့် မော်လမြိုင်မြို့များသို့ သွားရောက်မည် ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုနှင့် နယ်စပ်တွင်ပြုလုပ်မည့် ကရင်နှစ်သစ်ကူး ပွဲတော်သို့လည်း ပါဝင်တက်ရောက်သွားမည်ဟု မိသားစုဝင်များထံမှ သိရသည်။
ရုပ်ရှင်မင်းသမီး Tasneem သည် ရုပ်ရှင်ဇာတ်ကား ရကားတွင် ပါဝင်ရိုက်ကူးခဲ့ပြီး သူမ ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ ၁၁ခုအနက် East West 101 ခေါ် Drama ရုပ်သံဇာတ်လမ်းတွဲ၌ အနုပညာ ထူးချွန်ဆုများစွာ ရရှိခဲ့သည်။







