Published
Friday, May 06, 2016
အစိုးရတပ်မှ မိုးမောက်မြို့နယ် KIA တပ် ကို လက်နက်ကြီးဖြင့် ပစ်ခတ်
အစိုးရတပ်မှ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၅) တပ်စခန်းများ ကို လက်နက်ကြီးဖြင့် မေ ၅ ယမန်နေ့ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း ၁၅ ဂေါင်ရီကရုန် (Gauri Krung) ရှိ စခန်းများ ကို အစိုးရ ခမရ (၃၂၀) တပ်ဖွဲ့မှ အနည်းဆုံး လက်နက်ကြီး (၈) ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယခု ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှူးကြီး နော်ဘူ က “တပ်ရင်း ၃ ဘက် အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ရှိတယ်။ ဒါပေမယ့် ဒါက သူတို့ဘက်က စ ပစ်တာပါ။ ကျနော်တို့ ဘက်ကတော့ ပြန် မပစ်ခဲ့ဘူး” ဟု ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။
အစိုးရတပ်သည် ယင်း KIA တပ်ရင်း (၁၅) အနီး KIA တပ်ရင်း ၁ သစ်စခန်း ၂ ခုကို ယခုလ ၁ ရက်နှင့် ၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။







