မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ နမ့်ဆန်ယန် (Nam San Yang) အနောက်ဘက် KIA တပ်ရင်း ၁၈ အောက် ပြည်သူ့စစ် MHH အဖွဲ့များရှိရာ ပေါင်စေး (Pau Se) ရှေ့တန်း စခန်းငယ်သို့ အစိုးရတပ်များ ဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လိုင်ဇာမှ KIA ဒုဗိုလ်မှုးကြီး နော်ဘူ ကချင်သတင်းဌာကို KNG ကို ပြောပါသည်။
တိုက်ပွဲဖြစ်ပွားချိန်မှာ နာရီပိုင်းခန့်လောက်သာဖြစ်ပြီး ထိခိုက်မှုစာရင်းရှိသော်လည်း အသေးစိတ် မဖော်ပြနိုင်သေးကြောင်း သူက ဆက်ပြောသည်။
အစိုးရတပ်သည် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီး တလျှောက် နမ့်ဆန်ယန် (Nam San Yang)၊ ဂန်ဒေါင်ယန် (Gang Dau Yang) နှင့် အခြားကျေးရွာများတွင် ကျန်ရှိနေသော ပြည်သူများကို ဧပြီလအတွင်း အကုန်ပြောင်းရွှေ့ပေးရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
ထို့အပြင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာပြီးနောက် မြစ်ကြီးနားမှ လိုင်ဇာ သွားရာတွင် အသုံးပြုသည့် မိုင်ဆက်ပါ (Maisak Pa) လမ်းကြောင်း ကိုလည်း ယခု လဆန်းပိုင်းမှ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် တပတ်အလို ဧပြီ ရ နှင့် ၈ တွင် အစိုးရတပ်မှ KIA ဌာနချုပ် လိုင်ဇာအနီး တပ်ရင်း ၁၈ ၏ ဆွတ်ရှန်စခန်း (Sut Shang Post) နှင့် အင်ဘူကောင်စခန်း (Nbu Kawng Post) တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယခုတိုက်ခိုက်မှုသည် နှစ်သစ်ကူးအပြီး အစိုးရတပ်မှ KIA ကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုဖြစ်သည်။







