ကုလ စားနပ် ရိက္ခာ လျှော့ချမှုပေါ် ကချင်ဒုက္ခသည်များ စိုးရိမ်နေ

ကုလ စားနပ် ရိက္ခာ လျှော့ချမှုပေါ် ကချင်ဒုက္ခသည်များ စိုးရိမ်နေ
by -
ကေအဲန်ဂျီ
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ WFP သည် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များ အကူအညီပေးနေမှုကို နှစ်သစ်မှ လျှော့ချလိုက်ခြင်းအပေါ် စစ်ရှောင်များ အလွန်စိုးရိမ်ပူပန်မှုရှိနေကြောင်း သိရသည်။

စစ်ရှောင်စခန်းများမှ ဒုက္ခသည်များအား ဆန်၊ ဆီ၊ ဆားနှင့် အခြားစားသောက်ကုန် ရိက္ခာများ ကူညီရာမှ ယင်းအစား ငွေ ကို အဆင့် ၂ မျိုးခွဲပြီး စတင်ကူညီနေပြီဖြစ်သည်။

မသန်မစွမ်းနှင့် ၀င်ငွေရှာရန် မဖြစ်နိုင်သော ဒုက္ခသည် တစ်ဦးကို အများဆုံး ကျပ် ၁၃၀၀၀ ပေးပြီး အသက် ၁၈ နှစ် အထက် ကျန်းမားသန်စွမ်းသူ တစ်ဦးကို ကျပ် ၉၀၀၀ နှုန်းဖြင့် စတင်ကူညီနေပြီဖြစ်ပါသည်။

ယခုလို ငွေကြေးဖြင့် ပြောင်းလဲကူညီလိုက်ခြင်းအပေါ် ၀ိုင်းမော်မြို့နယ် နမ့်ဆန်ယန်၊ ဒဘတ်ယန်နှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် မြစ်ကြီးနား၊ လယ်ကုန်းရပ်ကွက် ဗက်လင်စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးကွမ်ဘူနော်ဂျာက စိုးရိမ်ပူပန်ကြောင်းကို အခုလိုပြောသည်။

“WFP ကနေပြီးတော့ ဇွန်လအထိတော့ ပေးနိုင်မယ်။ အဲဒီနောက်ပို်င်းတော့ အာမ မခံနိုင်တော့ဘူးလို့ ပြောတယ်။ အဲကြောင့် အခု ကလေးများက စာသင်နေတဲ့ကျောင်းသားတွေပဲရှိတယ်။ ပိုက်ဆံရှာတဲ့သူက မရှိ အခြေအနေတွေကြောင့် ကျနော်တို့ စခန်းက လူတွေအားလုံးကလည်း ဒီကိစ္စအတွက် တွေးကြည့်ပြီးမှ စိုးရိမ်ပူပန်နေကြတယ်။”

၀ုိင်းမော်မြို့နယ် မိုင်းနား စစ်ရှောင်စခန်းမှ ဒေါ် မရစ် ခင်နောင့် ကလည်း ကချင်သတင်းဌာန KNG ကို အခုလိုပြောသည်။

“တစ်နေ့ အလုပ်ကြမ်း နေ့စားသွားလုပ်ရင်တောင် ကျပ် ၃၅၀၀ လောက်ပဲရတယ်။ အဲဒါတွေက တစ်ခါတစ်လေမှ ရတာ။ အိမ်သူ အိမ်သားတွေကများ ဆန်ကလည်း စျေးကြီးနေတယ်ဆိုတော့ စိုးရိမ်ရတာပေါ့နော်။”

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မထိုးသေးသောကြောင့် စစ်ရှောင်ဒုက္ခသည်များက နေရပ် မပြန်ရဲသည့်အပြင် လုပ်ကိုင်စားသောက်မည့် နေရာများမှာလည်း လုံခြံုမှုမရှိကြောင်း စစ်ပြေးဒုက္ခသည်များက ပြောဆိုနေကြသည်။

KIO နှင့် အစိုးရကြား တစ်ကျော့်ပြန် စစ်ပွဲပြန်လည်ဖြစ်ပွားပြီး ၄ နှစ်အလွန်တွင် စစ်ဘေးဒုက္ခသည်များ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ WFP ပေးသော ရိက္ခာပေါ် အဓိက မှီခိုနေမှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်ချက်အပြင် ဒုက္ခသည်များအား ကိုယ်တိုင်စိတ်ကြိုက် အစားအစာများ ၀ယ်ယူစားသောက် စေလိုခြင်းဖြစ်ကြောင်း WFP က ဆိုထားသည်။

WFP သည် ကချင်ပြည်နယ်တွင်း အစိုးရထိန်းချုပ်ရာဒေသ စစ်ရှောင်စခန်း (၁၀၄)ခုမှ ဒုက္ခသည် ၃၈၀၀၀ ကို ၂၀၁၁ မှ စတင်ကူညီနေခဲ့ခြင်းဖြစ်သည်။ ယခု စားသောက်ကုန်အစား ငွေကြေးဖြင့် ပြောင်းလဲကူညီခြင်း အစီအစဉ်ကို စခန်း စုစုပေါင်း (၇၅)ခုမှ ဒုက္ခသည် ၂၈၅၀၀ တွင် စတင် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...