ထိုးစစ်ဆင်တိုက်ခိုက်ခြင်းသည် ၂၁ ရာစု ပင်လုံညီလာခံ ဦးတည်ချက်ကို ထိခိုက်ဟုဆို

ထိုးစစ်ဆင်တိုက်ခိုက်ခြင်းသည် ၂၁ ရာစု ပင်လုံညီလာခံ ဦးတည်ချက်ကို ထိခိုက်ဟုဆို
by -
ခိုနူမ်းထုန်
မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများ အထူးသဖြင့် ကချင်၊ ရှမ်း၊ ကရင် ပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုမှာ ၂၁ ရာစု ပင်လုံညီလာခံ ဦးတည်ချက်ကို ထိခိုက်ပျက်စီးစေဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

Chin League for Democracy Party (CLD) ခေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က  တိုင်းရင်းသား ဒေသတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုပေါ် သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုး များအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းရေးဆောင်ရွက်ရမည့် အချိန်ကာလအတွင်း ယခုလို မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသတစ်ချို့ကို လေကြောင်းပစ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အဆိုပါ သဘောထားထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

၎င်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေးနှင့် ညီလာခံ၏ ဦးတည်ချက်ကို ထိခိုက်ပျက်စီး စေသည့်အပြင် ယုံကြည်မှု ကင်းမဲ့စေပါသည်။   

ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အောင်မြင်စွာ ကျင်းပနိုင်ရေးကိုဖြစ်စေ၊ ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရေးကိုဖြစ်စေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဖြစ်စေ၊ ထိခိုက်ပျက်စီးစေသည့် လုပ်ရပ်ဖြစ်သော KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို အမြန်ဆုံး ချက်ချင်းရပ်စဲပေးရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက် တိုက်တွန်းအပ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် နှစ်ပေါင်း (၆၈) နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားရခြင်းအကြောင်းဇစ်မြစ်မှာ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုရှိပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရန် ပျက်ကွက်ခဲ့သည့်အတွက်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

၎င်းအပြင် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၏ အဓိက လိုအပ်ချက်ဖြစ်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို ထိရောက်အောင်မြင်စွာ ကျင်းပနိုင်ရေးသည် အထူးအရေးကြီးပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကို ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အပြည့်အဝကြိုဆို ထောက်ခံသည်။

မြန်မာ့တပ်မတော်အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို မျှော်ကိုးလျက် တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ဆင်နေမှုအား တစ်နိုင်ငံလုံးအဆင့်ရပ်ဆိုင်းပေးရန် လေးလေးနက်နက်တိုက်တွန်းကြောင်း ချင်းလူငယ်ကွန်ယက်အဖွဲ့က ထုတ်ပြန်ချက် တစ်စောင်ကို အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...