ရှမ်းပြည်နယ် သမိုင်းဝင် ပင်လုံမြို့၌ ဇူလိုင် ၂၈ ရက်ကျင်းပသော လူငယ်ညီလာခံ ဒုတိယနေ့တွင် ဖက်ဒရယ်ပြည်ထောင်စု အကြောင်းအရာ ကိစ္စဆွေးနွေးခြင်း ဆိုသည့်အစီစဉ် တွင် ဒေါက်တာအေးမောင်က “ ၁၉၅၃-၅၄ လောက်မှာ ဖဆပလခေတ်မှာ ချင်းဝိသေသတိုင်း ထဲကို ကျွန်တော်တို့ရဲ့ Hill Track ဖြစ်တဲ့ ပလက်ဝကို ပေးလိုက်ရပါတယ်’’ ဟု ပြောဆိုခဲ့သည်ဟု ကြေညာချက် တွင်ဖော်ပြထားသည်။
ထိုသို့ပြောဆိုခြင်းသည် ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သော အခြေခံဥပဒေ ပုဒ်မ (၁၉၆)ပါ “ ချင်းတောင်တန်းခရိုင်နှင့် ရခိုင်တောင်တန်းဒေသ(သို့မဟုတ်) ရခိုင်မြောက်ပိုင်းခရိုင် (ယခု ပလက်ဝမြို့နယ်) ပါ၀င်သော ချင်းဝိသေသတိုင်းရှိရမည်’’ ဟူသော ပြဌာန်းချက်နှင့်ဆန့်ကျင်နေပြီး ဒေါက်တာ အေးမောင်၏ အထက်ပါပြောဆိုခဲ့မှုအပေါ် ချင်းတိုင်းရင်းသားလူငယ်များမှ ကန့်ကွက်သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။
ရခိုင်အမျိူးသားပါတီဥက္ကဋ္ဌမှ ယင်းကဲ့သို့ ပြောဆိုခဲ့မှုအပေါ် လူမှုကွန်ယက်ပေါ်တွင်လည်း ချက်ချင်းဆိုသလို ကန့်ကွက် ၊ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
ချင်းပြည်နယ်လျှပ်စစ်၊စက်မှုဝန်ကြီး ဆလိုင်း အိုင်ဇက်ခင် က လည်း သူ၏ လူမှုကွန်ယက်ပေါ်တွင် “ ပလက်ဝမြို့နယ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအဆက်ဆက်အရ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတာကို ဘယ်တော့မှ၊ ဘယ်သူမှ ငြင်းပယ်လို့ မရနိုင်သလို၊ ပလက်ဝ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး တစ်ဖက်လှည့်နဲ့ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်း အဖြစ် ကနေ ခွဲထုတ်ဖို့ ကြိုးစားတဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆိုလည်း လက်ခံမှာ မဟုတ်ပါဘူး’’ ဟု ရေးသား ထားသည်။







