တီးတိန်၊ မတူပီ နှင့် ပလက်ဝ မြို့နယ်များကို ခရိုင်အဆင့်တိုးပေးမည်

တီးတိန်၊ မတူပီ နှင့် ပလက်ဝ မြို့နယ်များကို ခရိုင်အဆင့်တိုးပေးမည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်၏ မြို့နယ် ၃ ခုဖြစ်သော တီးတိန်၊ မတူပီ နှင့် ပလက်ဝ မြို့နယ်များကို အစိုးရသစ်၏ ၅ နှစ်တာသက်တမ်းအတွင်း ခရိုင်အဆင့်တိုးမြှင့်ပေးရန် ချင်းပြည်နယ်အစိုးရက စီစဉ်ထားကြောင်း သတင်းရရှိသည်။

“ ကျနော်တို့ ချင်းပြည်နယ်မှာကတော့ ကျေးရွာမှာနေတဲ့လူက ၈၀ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပေါ်မှာနေတဲ့လူက ၂၀ ရာခိုင်နှုန်း လောက်ဘဲရှိတော့ ဘာဘဲဖြစ်ဖြစ် မြို့တိုးချဲ့ အဲဒီကနေ ခရိုင်တိုးချဲ့မှဘဲ တိုးတက်မှုက အရာ ရောက်မယ်ဆိုပြီးတော့ ခရိုင်တိုးချဲ့ဖို့ စီစဉ်ရတာဖြစ်ပါတယ်’’ ဟု ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ့ ကပြောဆိုသည်။

လာမည့်ကာလအတွင်း မတူပီမြို့နယ်ကို ခရိုင်အဆင့်တိုးပေးမည်ဖြစ်ပြီး၊ ပလက်ဝ နှင့် တီးတိန်မြို့နယ် တို့ကိုလည်း ခရိုင် အဆင့်သို့ ဆက်လက်တိုးပေးသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌကပြောသည်။

ချင်းပြည်နယ်၏ အချက်အချာကျရာမြို့များဖြစ်သည့် ပလက်ဝနှင့် တီးတိန်မြို့နယ်တို့ကို ခရိုင် အဆင့်သတ်မှတ်ပေးရန် ယခင် ဦးဟုန်းငိုင်းအစိုးရလက်ထက်ကတည်းက ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုတွေရှိခဲ့သည်။ ယခု NLD အစိုးရသစ် လက်ထက်တွင် ခရိုင်အဆင့်သို့တိုးပေးရန် ဆက်လက်ကြိုးပမ်းလာကြခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ ချင်းပြည်နယ်အစိုးရမှ မြို့နယ် ၃ ခုကို ခရိုင်အဆင့်တိုးပေးရန် စီစဉ်သည့်အပေါ် ကြိုဆိုကြောင်း လက်ရှိ အုပ်ချူပ်ရေးယန္တာရားပုံစံအရ ခရိုင်များများတိုးပေးခြင်းသည် ပြည်နယ်အတွက် အကျိူးပိုဖြစ်ထွန်းစေ သည်ဟု ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

“ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိအုပ်ချူပ်ရေးယန္တာရားအရဆိုရင်တော့ ကျနော်တို့ ချင်းပြည်နယ်မှာ ခရိုင်တွေ၊ မြို့နယ်တွေ၊ မြို့နယ်ခွဲတွေ၊ ကျေးရွာအုပ်စုတွေပေါ့ ဒါတွေဟာ များလေလေကောင်းလေလေပေါ့၊ ဘာကြောင့်လဲဆိုတော့ အဲလိုများခြင်းအားဖြင့် ချင်းပြည်နယ်မှာ အစိုးရအခြေခံအဆောက်အဦးတွေများ လာမယ်၊ ၀န်ထမ်းတွေတိုးလာမယ်၊ အလုပ် အကိုင်ဖန်တီးတာပေါ့လေ၊ ဘတ်ဂျက်အနေအထားကလည်း ခုလောလောဆယ်မှာ ဗဟိုကဘဲလာတယ်ဆိုတော့လေ ချင်းပြည်နယ်အစိုးရအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ် ဘူးပေါ့၊ ဒါကြောင့် ဘတ်ဂျက်လည်း ချင်းပြည်နယ်မှာပိုရနိုင်တာပေါ့လေ’’ ဟု ပြောသည်။

ယခုလက်ရှိ ချင်းပြည်နယ်တွင် ဖလမ်း၊ မင်းတပ်နှင့် ဟားခါး စသည့်ဖြင့် ခရိုင် ၃ ခုရှိပြီဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...