ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းမှ ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ယခင် နိုင်ငံတော်သမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မဏိပူရ စီမံကိန်း၏ တာတမံပိုင်းဆိုင်ရာ တည်ဆောက်မှု လုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းပိုင်းကို လျှပ်စစ် ဝန်ကြီး ဌာနမှ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် စိန်အင်တာပရိုက်ကုမ္ပဏီ၊ China Harbour Engineering ကုမ္ပဏီလီမိတက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ စီမံကိန်းဖြစ် မြောက်နိုင်စွမ်းအစီရင်ခံစာကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ဆက်လက် တင်ပြအတည်ပြုချက်ရယူ၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့်ညှိနှိုင်းပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာချပြဆွေးနွေး ဆောင်ရွက်သွားမည်’’ ဟု လျှပ်စစ်ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား အထက်ဘက် ၂ဒသမ၅ မိုင်ခန့်အကွာ၊ ဆည်တော် ရွာအနီး ချင်းပြည်နယ် မဏိပူရမြစ်ပေါ်တွင် တည်ရှိသော မဏိပူရစီမံကိန်းသည် ရေလှောင် တမံအလျား ၂၄၄၄ ပေ၊ အမြင့် ၅၂၇ ပေ ရှိ ကျောက်ဖြည့်တာတမံအမျိုးအစားဖြစ်ပြီး ဧကပေ ၁၂၆၀၀၀၀ သိုလှောင်နိုင် မည်ဖြစ်ကာ လယ်မြေဧက ၅၀၀၀၀ ခန့် စိုက်ပျိုးရေပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အား ၃၈၀ မဂ္ဂါဝပ်ထုတ် ယူနိုင်မည့် ဘက်စုံစီမံကိန်းတစ်ခုဖြစ်သည်။
ယင်းစီမံကိန်းကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၂-၉-၂၀၀၆ ရက်နေ့တွင် ကျင်းပခဲ့သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၀၆)မှ ခွင့်ပြုချက်အရ တာတမံ တည်ဆောက်မှုလုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၃- ၂၀၁၄ ခုနှစ်ကစ၍ ယနေ့အထိရပ်ဆိုင်းထားခဲ့ကြခြင်းဖြစ်သည်။







