တောင်ပိုင်းညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်လောဟာက “လွန်ခဲ့တဲ့ချင်းညီလာခံ ဆိုပြီးတော့ ပြုလုပ်ခဲ့တဲ့အထဲတွေမှာ အဓိကတော့ ဘုံသဘောတူညီချက်များဆိုပြီးထုတ်ပြန်တဲ့ ၁၅၁ ပေါ်မှာ ကျနော်တို့အမြင်က လူထုအမှန်ကိုယ်စားပြုတဲ့လူတွေ တက်ရောက်ဆွေးနွေးပါ၀င်ခြင်းမရှိတဲ့အတွက် ဒါကျနော် တို့ ဘုံသဘောတူညီချက်ဆိုပြီး လောလောဆယ်မသတ်မှတ်နိုင်သေးဘူး၊ ကျနော်တို့ဘက်က ပါ၀င်ခြင်းမရှိသေးဘူးလို့ ခံစားတဲ့ အတွက် ဒီဟာကို ကျနော်တို့တောင်ပိုင်းမှာ ချပြပြီးတော့မှ ပြောချင်တာက ချင်းညီလာခံက လုပ်တဲ့သဘောတူညီချက်ကို ပြန်ဆွေးနွေးဖို့ပါ လိုအပ်တာရှိရင်လည်ဖြည့်စွက််ဖို့ ရည်ရွယ်ထား ပါတယ်’’ ဟု ပြောသည်။
လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိူးသား ညီလာခံ ကို ကျင်းပခဲ့ကြပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်ရရှိခဲ့ကြပြီး (၄၅) ဦးပါ၀င်သော ဘုံသဘော တူညီချက် များ အကောင် ထည်ဖော်ရေးကော်မတီ ကိုဖွဲ့စည်းခဲ့ကြသည်။
ယင်းကဲ့သို့တစ်မျိူးသားလုံးနှင့်သက်ဆိုင်သော ညီလာခံများကျင်းပသည့်အချိန်တွင် တောင်ပိုင်းဒေသများသည် ဂရုစိုက် ခံရမှုအားနည်းသည်ဟု ဦးအောင်လောဟာကပြောသည်။
“ သူတို့လုပ်ခဲ့တဲ့ညီလာခံတုန်းကလည်း ကျနော်တို့တောင်ပိုင်းကို ဘာမှဂရုမစိုက်ဘူးလို့ခံစားရတယ်၊ ကောင်းကောင်းလည်းမခေါ်ဘူး ကောင်းကောင်းလည်းမသိရဘူး ကျနော်တို့ပါ၀င်မှုရဲ့အခန်းကဏ္ဍကို သူတို့ ငြင်းပယ်ထားတယ် အဲဒါကြောင့်မို့လို ဒီတောင်ပိုင်းညီလာခံကို အဲဒီခံစားချက်နဲ့စရတာဖြစ်တယ်’’ ဟု သူကပြောသည်။
ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကတော့ သမိုင်းကြောင်းဆိုင်ရာ ခံစား ချက်များကြောင့် စိတ်ဝမ်းကွဲမှုမရှိသင့်ကြောင်း၊ အချင်းချင်းအကြားတိုင်ပင်ညှိုနှိုင်းဖြေရှင်းသင့်သည်ဟု ပြောသည်။
“ ၂၀၁၃ ချင်းအမျိူးသားညီလာခံဟာ အားနည်းချက်ရှိပါတယ်၊ နောက်ငြိမ်းချမ်းရေးဆောင်ရွက် တဲ့နေရာမှာကော၊ ချင်းသမိုင်း ကြောင်းမှာကော တောင်ပိုင်းကို လျှစ်လှူရှူတဲ့အပိုင်းတွေလည်းရှိခဲ့ဘူးရင် ရှိခဲ့ဘူးမှာပေါ့ အဲဒီအတွက်လည်း ကျနော်တို့ စိတ်မကောင်းပါဘူး ဒါပေမယ့် ဒီဟာကိုဖြေရှင်းတဲ့နေရာမှာ အုပ်စုတွေခွဲပြီးတော့ နင်လားငါလားဆိုပြီး လုပ်နေရင် ရှေ့သွားနိုင် မှာမဟုတ်ဘူး အဲဒါထက်တော့ ဒီဟာပေါ်မှာအခြေခံပြီးတော့ ဟုတ်ပြီးကျနော်တို့ရဲ့အားနည်းချက်တွေကို သင်ခန်းစာ ယူပြီးတော့ ရှေ့လျှောက်မှာဒါမျိုးတွေမရှိရလေအောင် မိသာစုးပမာညှိုနှိုင်းပြီးတော့ ဒီထက်ပိုကောင်းတဲ့ဟာကို သွားသင့်တာပေါ့ ၊ အခုဟာက အပြုသဘောထက် အပျက်သဘောမဆောင်ဘူးလားပေါ့’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။
တောင်ပိုင်းညီလာခံတွင် လာမည့်ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိစ္စကိုလည်း အဓိကဦးစားပေးအနေဖြင့်ဆွေးနွေးကြမည်ဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း တွင်တည်ရှိသော မြို့နယ် ၄ မြို့နယ်အကြား အမျိူးသားရေးလုပ်ငန်းပိုင်းဆိုင်ရာတွင် ရေရှည်အလုပ်တွဲလုပ်နိုင်ရေး ဆုံရပ်အဖွဲ့အစည်း တစ်ခုဖြစ်ပေါ်လာရေး ကိုလည်း ဆွေးနွေးကြမည်ဟု ဦးအောင်လောဟာကပြောသည်။







