တိုင်စာများသည့် ကုမ္ပဏီများ တင်ဒါရရှိရန် အလားအလာနည်းမည်

တိုင်စာများသည့် ကုမ္ပဏီများ တင်ဒါရရှိရန် အလားအလာနည်းမည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အတွင်း လုပ်ငန်းအကောင်အထည်ဖေါ်ခဲ့ကြသည့် ကုမ္ပဏီများထဲတွင် လွန်ခဲ့သောနှစ်များအတွင်း ၄င်းတို့၏ လုပ် ငန်းဆောင် ရွက်မှုအားနည်းချက်များကြောင့် တိုင်စာများသည့် ကုမ္ပဏီများ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါရရှိရန် အလားအလာနည်းပါးတော့မည်ဖြစ်သည်။

ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဆလိုင်း အိုက်ဇက်ခင်က “အခုကျနော်တို့ လုပ်ငန်း အရည်အချင်းကို ပထမကြည့်မယ်၊ ပြီးတော့ ကုမ္ပဏီတိုင်းရဲ့ ပိုင်ဆိုင်မှုအနေအထားကို ကြည့်မယ်၊ နောက်ဆုံးတော့ လိုအပ်သလို ဒေသခံ ကုမ္ပဏီတွေကိုကြည့်ပြီးတော့ တင်ဒါပေးဖို့ရှိတယ်။ အဓိက ကတော့လုပ်ငန်းအရည်အချင်းရှိဖို့” ဟု ပြောသည်။

အစိုးရသစ်အနေဖြင့် ကုမ္ပဏီများ တင်ဒါပေးရာတွင် သက်ဆိုင်ရာမှ လုပ်ငန်းစစ်ဆေးရေး စနစ်တကျပြုလုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင် ရွက်မှု အနေအထား အဆင့်မမှီပါက အစိုးရဘတ်ဂျက်မပါဘဲ သက်ဆိုင်ရာကုမ္ပဏီမှ စိုက်ထုတ်ပြီး ပြန်လည် ပြုလုပ်ရမှာဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်နိုင်ပါက အရေးယူသွားမည်ဟု သိရသည်။

၂၀၁၅- ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဆောက်အဦးနှင့် ရေပြွန် အစရှိသည့် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့်ခေါ်ယူပြီး ကုမ္ပဏီများက အကောင်ထည်ဖော်ခဲ့ကြသည်။ ယင်းကဲ့သို့ အကောင် ထည်ဖော်သည့်နေရာတွင် အရည်အချင်း မပြည့်မှီသည့် လုပ်ငန်းများလည်း ရှိနေကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ကုမ္ပဏီ (၁၀၀) ကျော်ရှိသည်ဟု သိရသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရမှ ချမှတ်ပေးသည့် ဘတ်ဂျက်ငွေ နည်းပါးခြင်းကြောင့် အရည်အချင်း ပြည့်မှီနိုင်သည်အထိ လုပ်ငန်းအကောင်အထည်ဖေါ်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ပြောဆိုကြသည်။

“အရည်အချင်းပြည့်မီနိုင်ဖို့ လုပ်ငန်းဆောင်ရွက် ဘတ်ဂျက်ချပေးတာနဲ့ လုံးဝမပြည့်မှီတဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ ပြီးတော့ တင်ဒါခေါ်ယူမယ့် လုပ်ငန်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းလေ့လာမှု မလုပ်ဘဲ ဘတ်ဂျက် ချမှတ်တဲ့အတွက် အခုလိုဖြစ်တာ” ဟု ရိပန်းသိစ္စာ ကုမ္ပကီ တာဝန်ရှိသူကဆိုသည်။

လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲသည့်ဒေသ နှင့် ဝေးလံခေါင်ဖျားသည့် နေရာများတွင် လုပ်ဆောင် သည့် လုပ်ငန်း တချို့သည်လည်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ငန်း အကောင်အထည်မဖေါ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...