ချင်းပါတီကြီး ၃ ခု ပေါင်းစည်းရန် သဘောတူ

ချင်းပါတီကြီး ၃ ခု ပေါင်းစည်းရန် သဘောတူ
by -
ခိုနူမ်းထုန်
ချင်းနိုင်ငံရေးပါတီကြီး ၃ ခု ချင်းတိုးတက်ရေးပါတီ (CPP) ၊ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ(CNDP) နှင့် ချင်းဒီမို ကရေစီအဖွဲ့ချုပ် ပါတီ(CLD) တို့သည် တစ်ပါတီအနေဖြင့်ပေါင်းစည်းရန် မေလ ၂၁ ရက်နေ့က သဘောတူလိုက်ကြပြီ ဟုသိရသည်။

ချင်းပါတီများပေါင်းစည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကြီး ၃ ခုမှ ခေါင်းဆောင်များသည် မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Happy Noodle Café ရှိ မြစ်ကြီးနားခန်းမတွင် တွေ့ဆုံဆွေးနွေးကြရာတွင် ပါတီပေါင်းစည်းရေးအတွက် သဘောတူညီခဲ့ကြသည်ဟု CLD ပါတီအတွင်းရေးမှူး ဆလိုင်းပီပီကပြောသည်။

“ ကျနော်တို့အစကတည်းက ပေါင်းစည်းဖို့ ရည်ရွယ်ချက်ရှိပြီးသားပေါ့နော်၊ ကျနော်တို့ပါတီအားလုံးအနေနဲ့ တချိန်ချိန်မှာ ပေါင်းစည်းဖို့ လိုအပ်လာတယ်ဆိုတာ အားလုံးက သိရှိခံစားပြီးသားဖြစ်တယ်။ အချိန်မကျရောက်သေးလို့သာလျင် မပေါင်း စည်းနိုင်တာဖြစ်တယ်။ ချင်းတစ်မျိူးသားလုံးအတွက်လိုအပ်လာတယ်၊ ချင်းတစ်မျိူးသားလုံးကလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြ တယ်၊ ကျနော် တို့ကိုယ်၌က ပူးပေါင်းရမယ် ပူးပေါင်းဖို့လိုအပ်တယ်၊ ပူးပေါင်းသင့်တယ်ဆိုတဲ့ခံယူချက်နဲ့ ပေါင်းစည်းဖို့ သဘောတူလိုက်ကြတာပါ’’ ဟု ဆလိုင်းပီပီကပြောသည်။

ပါတီပေါင်းစည်းရေးအတွက် ချင်းပါတီကြီး ၃ ခုမှ တစ်ပါတီလျှင် ၃ ဦးစီစေလွှတ်ပြီး ပေါင်းစည်းရေးမူဝါဒရေဆွဲသွားမှာဖြစ်ပြီး ပါတီပေါင်းစည်းရေးဖြစ်မြောက်လာပါက အခြားသော ချင်းပါတီများကိုလည်းဖိတ်ခေါ်သွားမည်ဟု ၎င်းကဆက်ပြောသည်။

“ အခုကျနော်တို့ ချင်းပါတီ ၃ ခုပေါ့နော် တခြားပါတီတွေလည်းကျန်ပါသေးတယ်၊ သူတို့လည်း အားလုံးပေါင်းစည်းချင်ကြတယ်၊ ဒါပေမယ့် ချင်းအမည်ခံတဲ့ပါတီ ၃ ခုကနေ ဦးဆောင်းပြီးတော့ အရင်ပူးပေါင်းမှပဲ ကျန်တာကို ဖိတ်ခေါ်သွားမယ်’’  ဟု ဆလိုင်းပီပီကပြောသည်။

ယခင်အစောပိုင်းကာလတွင် ချင်းပါတီကြီး ၂ ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့ သည် တစ်ပါတီအဖြစ် ပေါင်းစည်းရေးအတွက် အချိန်ကာလအတော်ကြာ ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း အောင်မြင် ခြင်းမရှိခဲ့ကြပေ။

ယခုချင်းပါတီကြီး ၃ ခုမှ တစ်ပါတီအဖြစ် ပေါင်းစည်းရေးကိစ္စသည် အလားအလာကောင်းမွန်ကြောင်း ချင်းတိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးစောမြကပြောသည်။

“ ကျနော်တို့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီဥစ္စာကို သဘောတူညီထားကြပြီး နားလည်မှုလည်း ယူထားကြပါပြီ ၊ မူဝါဒပိုင်ဘဲ နည်းနည်းလေးဆွေးနွေးလိုက်ရင် နောက်တစ်ကြိမ်နှစ်ကြိမ်လောက်တွေ့ပြီးရင် ပေါင်းဖို့အဆင်ပြေနိုင်တယ်’’ ဟု ပြောသည်။

ချင်းပါတီကြီး ၃ ခုမှ ထိပ်ပိုင်းခေါင်းဆောင်များသည် ပါတီပေါင်းစည်းရေးအတွက် မေလ ၂၈ ရက်နေ့တွင် ထပ်မံတွေ့ဆုံကြ မည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...