ချင်းပြည်နယ်အစိုးရသစ်က ပြည်သူများ၏ လိုအပ်ချက်များ ကွင်းဆင်းလေ့လာ

ချင်းပြည်နယ်အစိုးရသစ်က ပြည်သူများ၏ လိုအပ်ချက်များ ကွင်းဆင်းလေ့လာ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် အစိုးရအဖွဲ့ သည် ဒေသခံချင်းပြည်သူများ၏ လိုအပ်ချက်များ သိရှိနိုင်ရန်အတွက် ချင်းပြည်နယ်ဒေသ တစ်ချို့ တွင် စတင်ပြီး ကွင်းဆင်းလေ့လာနေပြီဟု သိရသည်။

၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ဦးဆောင်သော ချင်းပြည်နယ် အစိုးရသစ် သည် ဧပြီလ ၁၄ နှင့် ၁၅ တွင် ထန်တလန်မြို့ နယ်၊ ဧပြီလ ၁၆၊ ၁၇ ၊ ၁၈ တွင် ဖလမ်း နှင့် ရိဒ်ခေါဒါရ်းမြို့နယ်ခွဲရှိ ကျေးရွာများတွင် သွားရောက်လေ့လာ ခဲ့ကြသည်ဟု ခရီးစဉ်သို့ လိုက်ပါသော ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို ကပြောသည်။

“ကျနော်တို့အစိုးရသစ်ဖြစ်လာပြီဆိုတော့ ပြည်သူလူထုရဲ့လိုအပ်ချက် ဘာတွေရှိသလဲ၊ ကျနော်တို့ဘာတွေဆောင်ရွက်ပေး နိုင်မလဲဆိုတာသိနိုင်ဖို့ အခုလိုကွင်းဆင်းလေ့လာတာပါ၊ အောက်ခြေရဲ့ အဖြစ်မှန်လိုအပ်ချက်ကို ကွင်းဆင်းပြီးတော့မှ ချင်းပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်၊ ဘာတွေလိုအပ်နေသလဲ ဆိုတာ သိရှိဖို့ ကွင်းဆင်းတာပါ” ဟု ဦးရွှေထီးအို ကပြောသည်။

အဆိုပါကွင်းဆင်းလေ့လာသည့်ခရီးစဉ်တွင် ဒေသခံချင်းပြည်သူများကလည်း ပြည်နယ်အစိုးရသစ်ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ၎င်းတို့ဒေသအလိုက် လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြသည်ဟု သိရသည်။

 “ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံးပဲ သူတို့တင်ပြတယ်၊ အဓိကတော့ လမ်း၊ ရေ၊ လျှပ်စစ်မီးကောင်မွန်စွာရရှိရေးကို အဓိကတင်ပြကြပါ တယ်၊ သူတို့တင်ပြတဲ့အချက်တွေမှာ ကျနော်တို့အစိုးရအနေနဲ့ ချက်ချင်းအကောင်ထည်ဖော်ပေးနိုင်မယ့်ဟာရှိသလို မဖော်သေး နိုင်မယ့်ဟာတွေလည်းရှိမယ်။ ကျနော်တို့ ဦးစားပေးလုပ်ဆောင်မယ့်အဆင့်တွေကို ခွဲဝေပြီးတော့ လုပ်ပေး ပါမယ်’’ ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကဆက်ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့သည် ယနေ့တွင် ဖလမ်းမြို့ရှိ Surbung လေယာဉ်ကွင်းစီမံကိန်းသို့ သွားရောက်လေ့လာကြပြီးနောက် ညပိုင်းတွင် ဟားခါးသို့ပြန်ရောက်မည်ဟုသိရသည်။

ယခုခရီးစဉ်တွင် ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုးဘွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေ ထီးယို၊ ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမတ် ဦးဇုန်လှယ်ထန်း၊  ပြည်နယ်စည်ပင် သာရေး ညွှန် ကြားရေးမှူး ဦးတလာဟဲတို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ချင်းအမျိူးသမီး ဒေါ်ရှားမီး၊ စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်တို့လည်း ပါ၀င် ခဲ့ကြသည်ဟု သိရသည်။

၀န်ကြီးချုပ်နှင့်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်းမြို့သို့ ရောက်ရှိကြသည့်အချိန်တွင် အခမ်းအနားဖြင့် ဒေသခံများက ကြိုဆိုခဲ့ကြပြီး တဖက်မီဇိုရမ်ပြည်နယ်မှ မီဇိုးအဖွဲ့အစည်းများကလည်း ဂုဏ်ပြုလွှာပေး အပ်ခဲ့ကြသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...