CPP ပါတီအထွေထွေအတွင်းရေးမှူး ကိုရှိန်းထွန်းက “ ပလက်ဝမြို့ဟာ အရင် နအဖခေတ်တုန်းက ရခိုင်ပြည်နယ်ကနေ ကိုင်တယ်၊ ၂၀၁၀ နောက်ပိုင်းမှာမှ ကျနော်တို့ပြန်တောင်း တော့ အခွန်ကိစ္စတွေလည်း ချင်းပြည်နယ်ထဲကို ပြန်ဝင်လာတယ်။ အုပ်ချုပ်ရေးစနစ်ကလည်း မင်းတပ်ခရိုင်ရဲ့လက်အောက်ထဲ ရောက်သွားတာပေါ့၊ ဒေသခံတွေလိုချင်တာသည် မင်းတပ် ခရိုင်လက်အောက်မှာနေမယ် ပြီးတော့မှ နိုင်ငံရေးအလှည့် အပြောင်းရှိလာရင် ခရိုင်အဆင့်တိုးမြှင့်ပေးဖို့ သူတို့လိုချင်တယ်။ မတူပီခရိုင်ရဲ့အုပ်ချုပ်မှုစနစ်အောက်ကို မသွားချင်ဘူး။ ဒါက ဒေသခံတွေရဲ့ဆန္ဒသဘောထား’’ ဟု ပြောသည်။
ယခုလက်ရှိတွင် မတူပီမြို့နယ်ကို ခရိုင်အဆင့်သို့ တိုးမြှင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ ပြည်နယ်အစိုးရမှ တင်ပြတောင်းဆိုထားပြီး ခရိုင်အဆင့်ရရှိသွားပြီဆိုပါက မင်းတပ်ခရိုင်လက်အောက်တွင် တည်ရှိသော ပလက်ဝမြို့နယ်သည် မတူပီခရိုင် လက်အောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ် တောင်ဘက်အစွန်ဆုံး ဒေသတွင် တည်ရှိပြီး ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေရှ့် နှင့် အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသော ဒေသတစ်ခုလည်းဖြစ်သည်။ ထို့အပြင် မြန်မာ နှင့် အိန္ဒိယအစိုးရတို့ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း တည်ရှိရာ ဒေသလည်းဖြစ်သည်။
အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးမကောင်းမှုကြောင့် အထီးကျန်ဆန်သည့် မြို့ဖြစ်ခဲ့ရသော ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ပေးရန် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ပြီးဖြစ်ကြောင်း ကိုရှိန်းထွန်းကပြောသည်။
“ CPP ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းက ၂၀၁၃ ခုနှစ်က လွွှတ်တေ်ာမှာ တင်ပြဆွေးနွေးတယ်။ အဲလိုတင်လိုက်တော့ ပြည်ထောင်စုဘက်က ချင်းပြည်နယ်အစိုးရရဲ့ သဘောထားကို မေးတယ်ပေါ့လေ၊ ချင်းပြည်နယ် အစိုးရကလည်း ပြည်နယ်လွှတ်တော်မှာ ပလက်ဝမြို့နယ်ကို ဘာကြောင့်ခရိုင်ပေးသင့်သလဲဆိုတာ မဆွေးနွေးဘဲ ပလက်ဝနဲ့ မတူပီ မြို့နယ် ဘယ်ဟာကို ခရိုင်ပေးသင့်သလဲဆိုပြီးဆွေးနွေးတော့ ၁၁ မဲ ၉ မဲ ရှုံးသွားခဲ့တယ်’’ ဟု ကိုရှိန်းထွန်းကပြောသည်။
ယခုလက်ရှိချင်းပြည်နယ်တွင် ဖလမ်း၊ မင်းတပ် နှင့် ဟားခါး စုစုပေါင်း ခရိုင် ၃ ခုရှိသည်။







