ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအကြား ၂၀၁၂ ဒီဇင်ဘာ အတွင်း ချုပ်ဆိုခဲ့သော စာချုပ်အရ ဖေဖေါ်ဝါရီ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်ရုံးပိတ်ရက်အဖြစ် မသတ်မှတ်နိုင်သေးခြင်းကြောင့် ယခုကဲ့သို့ ပြန်လည် တောင်းဆို လိုက်ခြင်းဖြစ်သည်။
ချင်းအမျိူးသားနေ့သည် ချင်းလူမျိူးများအတွက် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေး၊ ဒီမိုကရေစိီရေး၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု ရရှိရေးအတွက် ချင်းအမျိုးသားတစ်ရပ်လုံး၏ ရုန်းကန်လှုပ်ရှားမှုမှ ပေါ်ထွန်းလာသည့် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပြီး လက်ရှိအစိုးရကသော်လည်းကောင်း၊ နောင်တက်လာမည့်အစိုးရကသော်လည်းကောင်း တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည်ဟု CNF ၏ ၆၈ နှစ်မြောက် ချင်းအမျိုး သားနေ့ထုတ်ပြန် ကြေညာချက်တွင်ဖော်ပြထားသည်။
“ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် ပြန်လည် သတ်မှတ်ပေး ရန် ချင်းပြည်သူ လူထုက လိုလားတောင့်တနေသည့်အတိုင်း လက်ရှိ အစိုးရကလည်းကောင်း၊ နောင်တက်လာမည့် အစိုးရက လည်းကောင်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန် အလေးအနက် တောင်းဆိုသည်” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင် စုသမ္မတ မြန်မာနိင်ငံတော်အစိုးရတို့အကြား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ချုပ်ဆိုသော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ထဲက ” ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူ ညီချက် အပိုဒ် (၂) တွင် ချင်းအမျိုးသားတို့၏ အမြတ်တနိုးတန်းဖိုးထားသည့် နေ့ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်သတ်မှတ်ရန်နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ရက်အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်တို့ ကို ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည် ” ဟု ပါရှိသည်။
ကာလရှည်ကြာ ပိတ်ပင်ခံခဲ့ရသည့် ချင်းအမျိုးသာနေ့ကို ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင် စုသမ္မတ မြန်မာ နိင်ငံတော်အစိုးရတို့ အကြား ချုပ်ဆိုသော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ တရားဝင် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းသည် ချင်း အမျိုးသားတို့၏ အမျိုးသားရှင်သန်ရပ်တည်မှု၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားမှု နှင့် အမျိုးသား စည်းလုံးညီညွှတ်မှုတို့ကို ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု CNF က ဆိုသည်။
ယနေ့ကျရောက်သော ၆၈ နှစ်မြောက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်တွင်သာမက ပြည်တွင်းပြည်ပ နိုင်ငံအသီးသီးတွင် စည်ကားစွာကျင်းပလျက်ရှိကြသည်။







