ဦးဇိုဘွဲ့သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ဟားခါးမြို့ မဲဆန္ဒနယ်မြေ(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူဖြစ်သည်။ သူသည် ချင်းပြည်နယ် NLD ဥက္ကဌဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့်အတွက် ချင်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမည်ဟု ယခင်ကတည်းက ခန့်မှန်းထားခဲ့ကြသည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သော NLD ပါတီ၏ စီမံခန့်ခွဲမှုအုပ်ချုပ်ရေးသင်တန်းတွင်လည်း ချင်းပြည်နယ်မှ ဦးဇိုဘွဲ့၊ ဦးအောင်သန်းနှင့် ဆလိုင်းလျန်လွယ်တို့ သုံးဦး တက်ရောက်ခဲ့ကြသည်။
ယင်းသင်တန်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေါင်းဆောင်နှင့် လွှတ်တော် ဥက္ကဋ္ဌများ အဖြစ် လျာထား ခံရသူဟု ယူဆရသော NLD ကိုယ်စားလှယ်များကို စီမံခန့်ခွဲမှု နှင့် အုပ်ချူပ်မှုပိုင်းဆိုင်ရာ ပို့ချသည့်သင်တန်းဖြစ်သည်။
ယခုအခါ အဆိုပါသင်တန်းတွင် တက်ရောက်ခဲ့ကြသော ဦးဇိုဘွဲ့ကို လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးအောင်သန်း ကို ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးဆလိုင်းလျန်လွယ်ကို လွှတ်တော် သဘာပတိ အဖြစ်လည်းကောင်း ယနေ့ အသီးသီး ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ဦးဇိုဘွဲ့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သည့်အတွက်ကြောင့် ချင်းပြည်နယ်၏ ၀န်ကြီးချူပ်မှာ မည်သူဖြစ်လာနိုင်မည်လဲဆိုသည်မှာ ယခုရက်ပိုင်းအတွင် လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာသည်။
တချိန်းတည်းမှာပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုအနေဖြင့် ထန်တလန်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော ဒေါက်တာ မှုထန်သည်လည်း ပြည်နယ်ဝန်ကြီးချူပ်အဖြစ် ခန့်အပ်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။ ဒေါက်တာမှုထန်သည် ၁၉၉၀ ရွေးကောက်ပွဲကာလက တသီးပုဂ္ဂလအနေဖြင့် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်သည်။
၀န်ကြီးချုပ် ရွေးချယ်ရေးကိစ္စနှင့်ပတ်သတ်ပြီး ဦးဇိုဘွဲ့ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာတွင် ချင်းပြည်နယ်၏ ၀န်ကြီး ချုပ်နေရာကို NLD ပါတီကသာ တာဝန်ယူထမ်းဆောင်မည်ဟုပြောဆိုသည်။
“ ဘယ်သူ့ကို ဘယ်လိုပုံစံနဲ့လုပ်ပြီးတော့ ၀န်ကြီးချူပ်ကိုခန့်မယ်ဆိုတာ အတိအကျ စာတော့မထွက်သေးဘူး။ ဒါပေမယ့် ပြည်နယ်ပါတီဥက္ကဋ္ဌနဲ့ လွှတ်တော်အနေနဲ့ Nominate(အဆိုတင်) လုပ်ပြီးတော့ သမ္မတက အတည်ပြုပေးဖို့သဘော အခြေအနေရှိနေတယ်၊ ဒါကြောင့် ဘယ်လိုဘယ်လိုဆိုတာကိုတော့ ကျနော်တို့ ခန့်မှန်းလို့မရသေးဘူး၊ ခေါင်းဆောင်ပိုင်းမှာတော့ တခြားပါတီက တစ်ယောက်မှ မဖြစ်ရဘူး၊ အဲဒါတော့ ကျနော်တို့မူရှိပါတယ်၊ ၀န်ကြီးချူပ်လည်း NLD ထဲကဘဲ ဖြစ်မယ်’’ ဟု ဦးဇိုဘွဲ့ကပြောသည်။
ဟားခါးမြို့အခြေစိုက် The Chinland Post အယ်ဒီတာ ဆလိုင်း Holy ကလည်း ချင်းပြည်နယ် ၀န်ကြီးချူပ်နေရာကို NLD ပါတီကလွဲပြီး မည်သည့်ပါတီကိုမှ ပေးအပ်မည်မထင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြောက်ခံရသော ဦးဇိုဘွဲ့ကိုသာ ချင်းပြည်နယ် ၀န်ကြီးချူပ်အဖြစ် ပြန်လည်ခန့်အပ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
“ ၀န်ကြီးချူပ်တွေကို နိုင်ငံတော်သမ္မတကခန့်မယ် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လကုန်ပိုင်မှာ အတည်ပြုပေးမယ်ပြောတယ် ဆိုတော့ ဒီကြားထဲမှာ ပုဒ်မ ၅၉ (စ) ကို ပြင်နိုင်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ လွှတ်တော်မှာ အားကောင်းစေချင်တယ်။ ဒါကြောင့်မို့လို ပူးဇိုဘွဲ့ကို လွှတ်တော်ဥက္ကဌခန့်လိုက်တာဖြစ်မယ် ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၆၁ မှာ အမတ်တစ်ယောက်ယောက်၊ ၀န်ကြီးတစ်ယောက်ယောက်၊ အပြင်ကလူတွေရော၊ စစ်ဘက်ကကော အသက် ၃၅ နှစ် ကျော်တဲ့သူတွေ ၀န်ကြီးချုပ်ဖြစ်နိုင်တယ်လို့ပါတယ်၊ ဒါကြောင့် ဦးဇိုဘွဲ့ကို ၀န်ကြီးချူပ်အဖြစ်ပြန်ခန့်မယ်လို့ထင်တယ်၊ လွှတ်တော်ဥက္ကဋ္ဌကို ၀န်ကြီးချုပ်မခန့်ရဘူးဆိုတဲ့ဟာ ဖွဲ့စည်းပုံမှာမပါဘူး’’ ဟု ဆလိုင်း Holy က သုံးသပ်သည်။







