ဖေဖော်ဝါရီလမကုန်ခင် ကလေးမြို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိနိုင်တော့မည်

ဖေဖော်ဝါရီလမကုန်ခင် ကလေးမြို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိနိုင်တော့မည်
by -
ခိုနူမ်းထုန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဖေဖော်ဝါရီလမကုန်ခင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးနိုင်တော့ မည်ဟု သိရသည်။

zkalaymyo 300x201မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့မှတဆင့် သွယ်တန်းသော ယင်းမဟာဓာတ်အားလိုင်း၏ အရေးကြီးလုပ်ငန်းစဉ်များ အားလုံးနီးပါး ပြီးစီးသလောက်ဖြစ်နေပြီး ကလေးမြို့ပေါ်သို့ ဖေဖော်ဝါရီလမကုန်ခင်တွင် (၂၄) နာရီလျှပ်စစ်မီးဖြန့်ဖြူး ပေးနိုင်မည်ဟု ကလေးမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေထွန်းဝင်းကပြောသည်။

“ ဒီလ ၁၈၊ ၁၉ ၊ ၂၀ လောက် ခန့်မှန်းဖွင့်ပွဲလုပ်ဖို့ လာစီစဉ်ထားတယ်၊ ဖေဖော်ဝါရီထဲမှာတော့ စဖြန့်မယ် ရက်အတိအကျတော့ ကျနော်လည်း မသိဘူး လူကြီးတွေစီစဉ်တာဆိုတော့’’ ဟု လျှပ်စစ်အင်ဂျင်နီယာကပြောသည်။

ကလေးမြို့လျှပ်စစ်မီးရရှိရေးအတွက် (၆၆) ကေဗွီရှိသော ဂန့်ဂေါမြို့ မဟာဓာတ်အားလိုင်းမှ ကလေးမြို့ GTC နောက်မှ (၂၃၀) ကေဗွီဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပြီး ထိုမှတဆင့် ကလေးမြို့ပေါ် (၆၆) ကေဗွီခွဲရုံသို့ ပို့လွှတ်မည်ဖြစ်သည်။ ယင်းမှတဆင့် (၁၁)ကေဗွီအဖြစ်နိမ့်ချပြီး ကလေးမြို့ပေါ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောသည်။

မကြာခင်ကာလအတွင်း မဟာဓာတ်အားလိုင်းရောက်လာတော့မည် ဖြစ်သည့်အတွက် လျှပ်စစ်မီးအန္တာရယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် ကလေးမြို့တွင်းရှိ ဆွေးမြေ့နေသော သစ်သားဓာတ်တိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်းများ ပြုလုပ်လျက်ရှိရာ မီတာဘောက်များကို လျှပ်စစ်မီးအန္တာရယ် ကင်းရှင်းသည့် အနေအထားရှိသည့်အချိန်ကျမှ ထပ်မံချပေးသွားမည်ဟု ၎င်းကပြောသည်။

ယခုလက်ရှိအစိုးရ သတ်မှတ်ထားသော စျေးနှုန်းအရ (Analog Meter)မီတာဘောက်တစ်လုံးမှာ ကျပ်ငွေ (၆၅၀၀၀) ခန့်ရှိပြီး (Digital Meter) အဆင့်မြင့် မီတာဘောက်တစ်လုံးမှာ ကျပ်ငွေ(၉၀၀၀၀) ခန့်ရှိသည်ဟုသိရသည်။

မဟာဓာတ်အားလိုင်းသည် ကလေးမြို့ပေါ်ကိုသာ ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ပြီး  ကျေးရွာများအထိ လျှပ်စစ်မီးရရှိနိုင်ရေးကိုလည်း အမျိူးသားလျှပ်စစ်ဓာအားရရှိရေးစီမံကိန်းနှင့် အကောင်ထည်ဖော်ဆောင်ရွက်သွားရန် ရှိသည်ဟု ဦးနေထွန်းဝင်းကပြောသည်။

“ အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းနဲ့ လုပ်မယ့်ကျေးရွာပေါင်းက ၂ မိုင်အတွင်းကျေးရွာ ၂၃ ရွာ၊ ၂ မိုင်အထက် ကျေးရွာ ၁၃ ရွာ အားလုံး ၃၆ ရွာ၊ ဒါ့အပြင် ၃၃ ကေဗွီဓာတ်အားခွဲရုံတွေရှိမယ် အဲဒါတွေ လျာထားတာက စစ်မှုဇုံဘက်မှ ခွဲရုံတစ်လုံး၊ ကျီကုန်းတပ်နယ်ဘက်မှ ခွဲရုံတစ်လုံး၊ ခုန်ထူးမြို့သာမှာ ခွဲရုံတစ်ရုံရှိမယ် အဲဒီခွဲရုံတွေတည်ဆောက်ပြီးရင် ခွဲရုံရဲ့ ပတ်ဝန်းကျင် ၁၁ မိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို လွှမ်းခြံုနိုင်မယ်။ အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ရွာတွေကိုလည်း နှစ်အလိုက်နှစ်အလိုက် ဓာတ်အားရရှိဖို့ တိုးချဲ့တည်ဆောက်သွားမယ်’’ ဟု သူကပြောသည်။

ကလေးဒေသခံပြည်သူများသည် ဆယ်စုနှစ်ပေါင်းများစွာ လျှပ်စစ်မီးအတွက် ပုဂ္ဂလိကမှ ဖြန့်ဖြူးပေးသော ဓာတ်အား၊ ဆိုလာ မီးများကိုသာ အဓိကအားထားနေခဲ့ကြရပြီး ဇီးချောင်းရေအားလျှပ်စစ်ရှိသော်လည်း စက်ပျက်ခြင်း၊ နွေရာသီရေခန်းခြောက် ခြင်း၊ မိုးရာသီရွှံ့နွံပိတ်ဆို့ခြင်းတို့ကြောင့့် လျှပ်စစ်မီး ပုံမှန်ဖြန့်ဖြူးပေးနိုင်ခြင်း မရှိခဲ့ပေ။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...