ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ချင်းပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ချင်းပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြင်စိုကျေးရွာမှ စစ်ဘေးရှောင် ချင်းပြည်သူ ၃၀၀ ကျော် တို့သည် ယခုအခါ စားနိပ်ရိက္ခာ ပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင် ရနေကြရပြီး အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု သိရသည်။

ယခုနှစ် အစောပိုင်း မတ် နှင့် ဧပြီလ အတွင်းက မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်(AA) တပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့်တိုက် ပွဲများကြောင့် နေရပ်စွန့်ခွာပြီး ဘေးကင်းလုံခြံုရာသို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ကြသော ပြင်စိုကျေးရွာ သားတို့သည် ယနေ့ချိန်ထိ မိမိတို့နေရပ်သို့ မပြန်နိုင်ဘဲ ကုလားတန် မြစ်ကမ်းနဘေးတွင် ယာယီတဲထိုးပြီး နေထိုင်လျက်ရှိကြ ကာ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၏ ကူညီထောက်ပ့ံမှုများဖြင့် အသက် ဆက်နေလျက်ရှိကြသည်။

၎င်းတို့ရရှိထားသော ပြည်တွင်း၊ပြည်ပမှ ကူညီထောက်ပံ့မှုများသည်လည်း ပျက်လှနီးပါးဖြစ်နေပြီး အကူအညီ အထောက်အပံ့များ ဆက်လက်မရရှိတော့ပါက လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကစပြီး စားနိပ်ရိက္ခာ ပြတ်လပ်တော့ မည့် အခြေအနေ တွင်ရှိနေသည်ဟု စစ်ရှောင်ပြည်သူများ ကူညီထောက်ပံ့ရေး ကော်မတီမှ တာဝန်ရှိသူ ကိုလှထွန်းက ပြောသည်။

“ ဒီဇင်ဘာလ အထိတော့ သူတို့စားဖို့ရှိသေးတယ်၊ နောက်လတွေအတွက်တော့ ရိက္ခာရှိတော့မှာ မဟုတ်ဘူး၊ ဒါကြောင့် အကူအညီတွေ အမြန်လိုအပ်နေကြတာပါ’’ဟု ကိုလှထွန်းက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများ အတွက် ဆန်၊ ငပိ၊ ငရုတ်သီး၊ ကျောင်းသုံးကိရိယာ၊ ဆေးဝါးပစ္စည်းများ အရေးပေါ် လိုအပ်နေ သည်ဟု သူကဆက်ပြောသည်။ စစ်ဘေးရှောင်ပြည်သူများ သည်လည်း မိမိတို့ ၀မ်းစာဖြေရှင်းနိုင်ရေးအတွက် နီးစပ်ရာတောင်ယာများ တွင် နေ့စားအလုပ်များ ဝင်ရောက်လုပ်ကိုင် နေကြရသည်ဟု သိရသည်။

လက်ရှိတွင်လည်း ရက္ခိုင့်တပ်မတော်(AA)၏ စစ်ရေးလှုပ်ရှားမှုမှာ ဆက်လက်အရှိန်မြှင့်လျှက်ရှိ နေသဖြင့် အစိုးရတပ်ဖွဲ့များသည် လည်း နယ်စပ်ဒေသတစ်လျှောက်တွင် အင်အားအလုံးအရင်း ဖြည့်တင်းလျှက်ရှိသည်ဟု သိရသည်။

ထို့အပြင် ဒေသခံ ပြည်သူများအား AA တပ်ဖွဲ့မှ လမ်းပြအဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်မှုများ မကြာခဏဖြစ်ပွားလျှက်ရှိရာ ယနေ့အထိ ရရှိသည့်စာရင်းအရ (၁၀)ဦးအထိရှိလာပြီဟု စစ်ရှောင်ပြည်သူများ ကူညီထောက် ပံ့ရေးကော်မတီမှ ကိုကျော်အောင်က ပြောသည်။

အလားတူ မြန်မာ့တပ်မတော်ဘက်ကလည်း စစ်ကြောင်းထွက်ရာတွင် ဒေသခံများအား လမ်းပြအဖြစ် ခေါ်ဆောင်လေ့ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ရှင်မဒိန်အုပ်စု လန်ဒန် (ခေါ်)လား ဘာဝကျေးရွာနေ ဦးရန်း တန်း နှင့် ဦးပိုက်ကိုးတို့နှစ်ဦးအား လမ်းပြအဖြစ် ခေါ်ဆောင်ရာတွင် မြန်မာ-ဘင်္ဂဒေရှ့်နယ်စပ် နယ်နမိတ်ကျောက်တိုင် အမှတ်(၇၀)အနီး ပေ ၅၀ ဝန်းကျင်အကွာတွင် ဦးရန်းတန်းသည် မြေမြှပ်မိုင်းနှင်းမိ၍ ထိမှန်သဖြင့် သေဆုံးခဲ့ရသည်။

ယင်းကိစ္စပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်မှ သေဆုံးသူအား နစ်နာကြေး တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမျိုး ယနေ့ချိန်ထိမရှိသေးပေ။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...