ချင်းပြည်နယ်တွင် NLD အပြတ်အသတ်အနိုင်ရ

ချင်းပြည်နယ်တွင် NLD အပြတ်အသတ်အနိုင်ရ
by -
ခိုနူမ်းထုန်
နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် NLD က ချင်းပြည်နယ်တွင် မဲအပြတ်အသတ်အနိုင်ရရှိပြီး ZCD မှလွဲပြီး ချင်းနိုင်ငံရေးပါတီများအားလုံးက အကုန်ရှုံးနိမ့်ခဲ့ကြသည်။

NLDနောက်ဆုံးရရှိသော မဲစာရင်းရလာဒ်အရ မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၈ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာ၊ လက်ရှိအစိုးရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက (၅) နေရာအသီးသီးရရှိသည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ် စသည့် (၅) မြို့နယ်ရှိ မဲဆန္ဒနယ်မြေ အားလုံးတွင် အနိုင်ရရှိပြီး ကန်ပက်လက်တွင် ၃ နေရာ၊ ထန်တလန်တွင် ၂ နေရာ၊ တွန်းဇံတွင် ၁ နေရာဖြင့် အနိုင်ရရှိကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့က ပြောသည်။

ချင်းပြည်နယ်တွင် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ZCD အပါအဝင် ချင်းနိုင်ငံရေး ပါတီများဖြစ်ကြသော ချင်းအမျိူးသားဒီမိုကရက်တစ် (CNDP)၊ ချင်းတိုးတက်ရေး(CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD)၊ မျိုးနွယ်စုကိုယ်စားပြုသော ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးပါတီ နှင့် ရခိုင်အမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ထက်ဝက်ခန့် အနိုင်ရရှိခဲ့ကြသော CNDP နှင့် CPP ပါတီအပါအဝင် ချင်းနိုင်ငံရေးပါတီများအားလုံးက ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ တစ်နေရာမှ ရယူနိုင်ခြင်းမရှိဘဲ မရှုမလှ ရှုံးနိမ့်သွားခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းနိုင်ငံရေးပါတီကြီးများ ယခုကဲ့သို့ မဲဆန္ဒနယ်မြေ တစ်နေရာမှ မနိုင်ဘဲ အပြတ်အသတ်ရှုံးနိမ့်ကြသည့် ကိစ္စနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ လက်တွဲဆောင်ရွက်ရေးသဘောတူညီစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ Salai Isaac Khen က သူ၏ facebook စာမျက်နှာတွင် ယခုလို ရေးသားထားသည်။

“ကျနော်တို့ ထည့်မတွက်မိခဲ့တဲ့အချက်က ချင်းလူထုအများစုရဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ကျနော်တို့က ချင်းတွေက ချင်းပါတီကိုပဲ မဲထည့်လိမ့်မယ်လို့ တွက်ဆခဲ့ပါတယ်။ တကယ်တမ်းတော့ သူတို့က နှလုံးသားနှင့် ဦးဏှောက်မှာ ဦးဏှောက်နှင့် ရွေးချယ်ခဲ့ကြတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ချင်း ပါတီတွေအနေနဲ့ ချင်းလူထုတစ်ရပ်လုံးရဲ့ နှလုံးသားနှင့် ဦးဏှောက် နှစ်ခုစလုံးကို သိမ်းသွင်းနိုင် သည်အထိ ဆက်၍ ကြိုးစားကြရအောင်ပါ။ တချိန်တည်းမှာပဲ ချင်းလူထုရဲ့ရွေးချယ်မှုကို အသိအမှတ် ပြု လေးစားတဲ့အနေနဲ့ လာမယ့် ၅ နှစ်တာမှာ ချင်းတစ်မျိုးသားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက် NLD နဲ့ ဘယ်လို လက်တွဲဆောင်ရွက်သွားကြမလဲဆိုတာ စတင်စဉ်းစား ပြင်ဆင်ကြပါစို့’’ဟု Salai Isaac Khen က သူ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...