၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ပါဝင်မှု မြင့်မားလာ

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ပါဝင်မှု မြင့်မားလာ
by -
ခိုနူမ်းထုန်
၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းပါဝင်မှုနှုန်း အဆမတန် တိုးတက်လာကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် နှစ်ဦးသာ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၃ ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။

ချင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ချင်းပြည်နယ် မဲဆန္ဒနယ် အသီးသီးမှ (၂၂) ဦး၊ ရခိုင်ပြည်နယ် ချင်းရေးရာ ဝန်ကြီးနေရာမှ (၁) ဦး စုစုပေါင်း (၂၃) ဦး ပါဝင်ယှဉ်ပြိုင် သွားကြမည်ဖြစ်ရာ USDP ပါတီ မှ (၃) ဦး၊ NLD ပါတီမှ (၃) ဦး၊ NUP ပါတီမှ (၁) ဦး၊ CLD ပါတီမှ (၃) ဦး၊ CNDP ပါတီမှ (၅) ဦး၊ CPP ပါတီမှ (၄)ဦး၊ ZCD ပါတီမှ (၃)ဦး၊ ဇိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၁) ဦးစီ အသီးသီးဖြင့် ပါ၀င်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

ချင်းအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်မှု များပြားလာသည်နှင့်ပတ်သက်ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ခေတ်ကာလ၊ ဒေသအခြေအနေအရ နိုင်ငံရေးလေ့လာမှုတွင် လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရင်ဘောင်တန်းနိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ချင်းလူမှုအသိုင်းအဝိုင်း များတွင် ပြောဆိုမှုများ ရှိနေသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ”၂၀၁၀ မှာ အရွေးခံသည့် Pi Zatlem ဆိုယင် ပြည်သူ့လွှတ်တော်အတွင်း ကိုယ့်ပြည်နယ်အတွက် အရေးဆိုတင်ပြတာတွေ၊ တင်ပြချက်အောင်မြင်မှုတွေကို ကြည့်ရင် ချင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေထက် အများကြီး သာတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အထင်သေးလို့ မရဘူး”ဟု ထန်တလန်မြို့ပေါ် မြို့မိမြို့ဖ တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကာလတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မြေမှ CNP, USDP ပါတီများမှ ချင်းအမျိုး သမီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၁) ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အနက် CNP မှ ချင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦး အနိုင်ရခဲ့သည်။

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ချင်းလူမျိုးများ နေထိုင်ရာ မဲဆန္ဒနယ်မြေများတွင် (၁၃) ပါတီမှ ချင်း နှင့် ရခိုင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၀၂ ဦး နှင့်  တသီး ပုဂ္ဂလ (၈) ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။

ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် (၃၉) နေရာစလုံးတွင် USDP, NLD နှင့် CNDP ပါတီသုံးခုသာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အခြားပါတီများသည် မဲဆန္ဒနယ်အချို့တွင် ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း အဆိုပါ မဲဆန္ဒနယ် (၃၉)တွင် မဲဆန္ဒရှင် ပြည်သူ ၂၇၃,၆၇၃ ဦးရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မြန်မာ တပြည်လုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၄၅၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ၈၈၆၊  ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၃,၄၄၃ ဦးစီ စုစုပေါင်း ၆,၀၇၄ ဦး ပါဝင်အရွေးခံကြမှာဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုကြေညာခဲ့သည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...